CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

လုပ်ခ်ရှောက သူဟာ ဘောလုံးမကစားရဘဲ ယူရို ၂၀၂၄ ပြိုင်ပွဲကို အဆုံးသတ်ရမယ့်အပေါ် စိုးရိမ်မိခဲ့ပေမယ့် အခုအချိန်မှာတော့ နယ်သာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ပွဲထွက်လူစာရင်းပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

လုပ်ခ်ရှောက “ကျနော်ဟာ မိနစ် ၉၀ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုလည်း ပြည့်ဝနေသလို အဆင်သင့်ဖြစ်ပြီလို့လည်း ထင်ပါတယ်။ ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ကျနော်ဟာ ကြံ့ခိုင်ပြီး အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။ ပြီးခဲ့တဲ့ ၄ လက တကယ်ကို ခက်ခဲခဲ့ပါတယ်။ ကျနော်ဟာ အမြန်ဆုံးပြန်လာနိုင်ဖို့ မျှော်လင့်ခဲ့ပေ မယ့် အဆင်မပြေမှု အနည်းငယ် ကြုံတွေ့ခဲ့ရပါတယ်။ မိနစ်အနည်းငယ်ရခဲ့လို့ ကျနော်ပျော်ရွှင်ပြီး လာမယ့်ပွဲတွေ မှာလည်း ထပ်ပြီးရနိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

လုပ်ခ်ရှောဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဖေဖော်ဝါရီကတည်းက ဘောလုံးကစားနိုင်ခဲ့ခြင်း မရှိပေမယ့် နည်းပြ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်း လူစာရင်းမှာ သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

လုပ်ခ်ရှောဟာ ဒီပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ ပထမပွဲစဉ် ၄ ပွဲကို မပါဝင်နိုင်ခဲ့ပေမယ့် ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ ပွဲချိန် ၇၈ မိနစ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တာပါ။

လုပ်ခ်ရှောကိုတွေ့ရစဉ် 

ယူနိုက်တက်အသင်း နောက်ခံလူဟာ အခုအချိန်မှာတော့ နယ်သာလန်အသင်းနဲ့ ပွဲစဉ်ကို ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒါအပြင် လုပ်ခ်ရှောက ဝေဖန်မှုတွေခံနေရတဲ့ နည်းပြ ဆောက်ဂိတ်ကို ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။

လုပ်ခ်ရှောက “ရိုးရိုးသားသားပြောရရင် ဝေဖန်မှုတွေကို ကျနော် နားမလည်နိုင်ပါဘူး။ သူဟာ ကျနော်တို့ကို နောက်တစ်ဆင့် တကယ်ခေါ်ဆောင်သွားတဲ့သူပါ။ သူဟာ တကယ်ကို ကောင်းမွန်ပြီး ကျနော်တို့အတွက် လိုအပ်တဲ့သူပါ။ ကျနော်ကတော့ သူ့ကို ကျေးဇူးတင်စရာတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်။ သူဟာ ကျနော့် ကို ယုံကြည်မှုတွေ ပြသခဲ့ပြီး သူပြသခဲ့တဲ့ ယုံကြည်မှုတွေအတွက် ကျနော်ပြန်ဆပ်ရမယ်”လို့ ပြောခဲ့တာပါ။

ဆောက်ဂိတ်ဟာ သူ့ရဲ့လက်ထက်မှာ ယူရို ၂၀၂၄ ပြိုင်ပွဲ အပါအဝင် အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲ ၄ ခုမှာ ၃ ခုကို ဆီမီးဖိုင်နယ် တက်နိုင်အောင် ကိုင်တွယ်ပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်နဲ့ နယ်သာလန်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၁၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: ESPN