CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၉

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့လက ထုတ်ပယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ်ရဲ့နေရာမှာ ကစားသမားဟောင်း ဘယ်လာမီကို ဝေးလ်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ရှိနေပါတယ်။ 

ဘယ်လာမီဟာ ဘန်လေအသင်းက စကော့ပါကားကို နည်းပြသစ်အဖြစ် မခန့်အပ်ခင် အသင်းကို ယာယီ နည်းပြအဖြစ် တာဝန်ယူခဲ့တာပါ။ 

စကော့ပါကားဟာ ဘန်လေအသင်းမှာ ဘယ်လာမီနဲ့ အလုပ်အတူတွဲ လုပ်ချင်နေပေမယ့် ဘယ်လာမီကတော့ သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဝေးလ်စ်အသင်းကို ကိုင်တွယ်ချင်နေတာ ဖြစ်ပါတယ်။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ဘယ်လာမီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ နည်းပြရှာဖွေမှုကို အမြန်ဆုံး အဆုံးသတ်ချင်နေတာပါ။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ဝေးလ်စ်အသင်း နည်းပြရာထူးအတွက် အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီ၊ ဂျော်ဂျီယာအသင်းနည်းပြ ဆက်ဂ်ညောနဲ့ အောက်စဖို့ဒ်အသင်းနည်းပြ ဘက်ကင်ဟမ်တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် ဘယ်လာမီနဲ့ ဆွေးနွေးမှုတွေဟာ ပိုပြီးကောင်းမွန်ခဲ့တာကြောင့် ကစားသမားဟောင်းဟာ နိုင်ငံ အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိနိုင်အောင် ဦးဆောင်ဖို့ အခွင့်အရေးရရှိမှာပါ။ 

ဘယ်လာမီကိုတွေ့ရစဉ်

ဘယ်လာမီအနေနဲ့ ဝေးလ်စ်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရရင် လာမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေကို သူ့ရဲ့ပထမဆုံးပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

ဝေးလ်စ်အသင်းဟာ လာမယ့် စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်တွေအဖြစ် တူရကီအသင်းနဲ့ အိမ်ကွင်း၊ မွန်တီနီဂရိုး အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။ 

အသက် ၄၄ နှစ်အရွယ်ရှိ ဘယ်လာမီဟာ ဝေးလ်စ်အသင်းအတွက် ၇၈ ပွဲ ကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူကာ ၂၀၁၄ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝက အနားယူခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်လာမီဟာ ကစားသမားဘဝက အနားယူပြီးနောက် အန်ဒါလက်ချ်နဲ့ ဘန်လေအသင်းတို့မှာ မန်စီးတီး အသင်းဖော်ဟောင်း ကွန်ပနီရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာပါ။

ဘယ်လာမီဟာ ဘန်လေအသင်းကနေ ကွန်ပနီ ထွက်ခွာချိန်မှာ ဘန်လေအသင်း နည်းပြအဖြစ် ခန့်အပ်ခံရဖို့ မျှော်လင့်ခဲ့ပေမယ့် စကော့ပါကားကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ဝေးလ်စ်အသင်းကို ကိုင်တွယ်ဖို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC