CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆

အာဆင်နယ်အသင်း ဂန္ထဝင်ကစားသမား အွန်နရီဟာ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်(FAW)ရဲ့ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။

ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းကို ၃ နှစ်ခွဲကြာ ကိုင်တွယ်ခဲ့တဲ့ နည်းပြ ရော့ဘ်ပေ့ချ် ကို ရာထူးက ထုတ်ပယ်ခဲ့တာပါ။ 

ဝေးလ်စ်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် နည်းပြ ရော့ဘ်ပေ့ချ်ကို ရာထူးက ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် FAW ဟာ ဝေးလ်စ်အသင်း နည်းပြရာထူးအတွက် သူတို့ရဲ့စာရင်းထဲ ပါဝင်သူတွေကို ချဉ်းကပ်မှု ပြုလုပ်ဖို့ စီစဉ်ထားတာပါ။

BBC က အွန်နရီဟာ ဝေးလ်စ်အသင်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

အွန်နရီဟာ လက်ရှိအချိန်မှာ အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပြင်သစ် ယူ-၂၁ အသင်းကို ကိုင်တွယ်နေတာပါ။ 

ဝေးလ်စ်အသင်းကို တွေ့ရစဉ်

အွန်နရီဟာ နည်းပြလိုင်စင်ရရှိဖို့ လုပ်ဆောင်ခဲ့တုန်းက ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တွေရှိခဲ့တာ ဖြစ်ပါတယ်။ 

ဝေးလ်စ်တိုက်စစ်မှူးဟောင်း အန်းရှောက အွန်နရီက ဝေးလ်စ်ဘောလုံး အကြောင်းကို နားလည်တဲ့အတွက် အာဆင်နယ် ကစားသမားဟောင်းကို နည်းပြအဖြစ် ဝေးလ်စ်အသင်းက ခန့်အပ်မယ့် အလားအလာကို ထောက်ခံ တယ်လို့ ပြောခဲ့ပါတယ်။

FAW ရဲ့ တာဝန်ရှိသူအချို့ဟာ ၂၀၁၈ ခုနှစ်က ရိုင်ယန်ဂစ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို ပုံစံမျိုးနဲ့ နာမည်ကြီး နည်းပြတစ်ဦးကို ခန့်အပ်ဖို့ အလိုရှိနေတာပါ။

FAW ဟာ ဘဏ္ဍာရေး ကန့်သတ်မှုတွေ ရှိနေတာကြောင့် အွန်နရီသာ နည်းပြရာထူးကို လက်ခံမယ်ဆိုရင် သူ လက်ရှိ လုပ်နေတဲ့ မီဒီယာနဲ့ စပွန်ဆာကိစ္စရပ်တွေကို ဆက်ပြီးလုပ်ကိုင်ခွင့်ပေးဖို့ ရှိနေပါတယ်။ 

အွန်နရီဟာ ပြင်သစ် ယူ-၂၁ အသင်းကို မကိုင်တွယ်ခင်က ဘယ်လ်ဂျီယံအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သလို မိုနာကိုအသင်းနဲ့ မွန်ထရီရယ်လ်အသင်းတို့ကို နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့တာပါ။

ဝေးလ်စ်အသင်းဟာ စက်တင်ဘာမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် တူရကီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ဒီမတိုင်ခင် နည်းပြသစ် ခန့်အပ်နိုင်ဖို့ ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

Source: Goal