CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ဖရန့်လမ်းပတ်ဟာ ဘန်လေအသင်းနည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ အံ့အားသင့်ဖွယ် ပါဝင်လာတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ဘန်လေအသင်းနည်းပြ ကွန်ပနီဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းနဲ့ လမ်းခွဲပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။ 

အဲဒါကြောင့် ဘန်လေအသင်းဟာ ကွန်ပနီရဲ့ လက်ထောက်နည်းပြ ဘယ်လာမီကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။ 

ဘန်လေအသင်းဟာ ဘယ်လာမီကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပေမယ့် နည်းပြသစ်ရှာဖွေမှုတွေကို ပြုလုပ်နေတာပါ။

ဘန်လေအသင်းရဲ့ နည်းပြသစ် ရှာဖွေမှုစာရင်းထဲမှာ ဖရန့်လမ်းပတ်လည်း ပါဝင်လာခဲ့ပြီး အင်္ဂလန် ကစားသမား ဟောင်းဟာ ၂၀၂၂-၂၃ ရာသီအကုန်က ချယ်လ်ဆီးအသင်းကို ယာယီကိုင်တွယ်ပြီးနောက် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

လမ်းပတ်ကို တွေ့ရစဉ်

ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို မကိုင်တွယ်ခင် အဲဗာတန်အသင်းကို ကိုင်တွယ်ခဲ့ပြီး နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၁၁ ပွဲမှာ ၁ ပွဲသာ အနိုင်ရတဲ့အထိ ရလဒ်တွေဆိုးရွားခဲ့တာပါ။

ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းက ထွက်ခွာပြီးနောက် ကနေဒါလက်ရွေးစင်အသင်း နည်းပြရာထူး အပါအဝင် ကလပ်အသင်းအချို့ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ဖရန့်လမ်းပတ်က သူဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ချင်တယ်လို့ ပြောထားတာကြောင့် ဘန်လေအသင်းကို ကိုင်တွယ်ဖွယ်ရှိနေတာပါ။ 

ဖရန့်လမ်းပတ်ဟာ သူ့ရဲ့နည်းပြဘဝအစမှာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကိုင်တွယ်ခဲ့တာကြောင့် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အတွေ့အကြုံကို ရရှိထားပါတယ်။

ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၉ နဲ့ ရာသီ အဆုံးသတ်ခဲ့တာကြောင့် လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail