CNI Sport News
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃၀
ယူနိုက်တက်အသင်းသည် ပရိတ်သတ် ၁ သိန်းဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဥ်နေသည်။
ထိုကွင်းသစ်သည် ပေါင် ၂ ဘီလီယံတန် စီမံကိန်းဖြစ်လာမည်ဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ ပရိတ်သတ် ၇၀၀၀၀ ကျော်ဆံ့သည့် နာမည်ကျော် အိုးလ်ထရက်ဖို့ဒ် ကွင်းကို အသုံးပြုနေသည်။
အဆိုပါ အိုးလ်ထရက်ဖို့ဒ်ကွင်းသည် သက်တမ်းအားဖြင့် ၁၁၄ နှစ် ရှိနေပြီဖြစ်သည်။

အိုးလ်ထရက်ဖို့ဒ်ကွင်းကို တွေ့ရစဥ်
ယူနိုက်တက်အသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်သူ ဆာဂျင်ရက်စ်ကလစ်ဖ်သည် ယူနိုက်အသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူစဥ်ကတည်းက ပရိတ်သတ် ပိုမိုဝင်ဆံ့သည့် ကွင်းသစ် တည်ဆောက်သွားရန် ရည်ရွယ်ထား ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ ကွင်းသစ်စီမံကိန်းကို ယခုနှစ်ကုန်၌ အတည်ပြုကြေညာပြီး ၂၀၃၀ ခုနှစ်တွင် အပြီးသတ် တည်ဆောက်သွားရန် စီစဥ်နေခြင်း ဖြစ်သည်။
အိုးလ်ထရက်ဖို့ဒ်ကွင်းကို ပြန်လည်ပြင်ဆင် တည်ဆောက်မည်ဆိုပါက ပေါင် ၂ ဘီလီယံ ဝန်းကျင် ကုန်ကျမှာ ဖြစ်ကြောင်း သိရသည်။
	    	  	
	    	      
	    
	  	  
			
			
			
                        