CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
မော်ရိုကိုအသင်းဟာ နိုင်ဂျာအသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲမှာ ၅ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အာဖရိက အသင်းတွေထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ခြေစစ်ပွဲအုပ်စုအဆင့် ၆ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲရရှိ ထားတာပါ။
မော်ရိုကိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ ၂ ပွဲ ကျန်ရှိသေးချိန်မှာ အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ တန်ဇန်နီးယားအသင်းကို ၈ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် ခြေစစ်ပွဲတိုက်ရိုက် အောင်မြင် ခဲ့တာ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တက်တဲ့ ပထမဆုံး အာဖရိကအသင်း အဖြစ်လည်း မှတ်တမ်းတင်ထားတာပါ။
မော်ရိုကိုအသင်းကို တွေ့ရစဉ်
ဒီအချိန်ကတည်းက မော်ရိုကိုအသင်းဟာ အာဖရိကအသင်းတွေထဲမှာ အဆင့်သတ်မှတ်ချက် အမြင့်ဆုံး အသင်းအဖြစ် ရပ်တည်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲတွေမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အာဖရိကခြေစစ်ပွဲကနေ အုပ်စုထိပ်ဆုံး ၉ သင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အကောင်းဆုံး အုပ်စုဒုတိယ ၄ သင်းက လက်ကျန် တစ်နေရာအတွက် ပလေးအော့ဖ် ယှဉ်ပြိုင်ရမှာပါ။
ဆာလက် ဦးဆောင်တဲ့ အီဂျစ်အသင်းကလည်း ခြေစစ်ပွဲ အောင်မြင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့နဲ့အတူ သြစတြေးလျ၊ ဂျပန်၊ အီရန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ ဥဇဘတ်ကစ္စတန်၊ မော်ရိုကို၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပါရာဂွေး၊ ဥရုဂွေးနဲ့ နယူးဇီလန်အသင်းတို့ ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။
Source: CNA