CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၆
အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးစ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲအပြီးမှာ ပြိုင်ဘက်အသင်းရဲ့ ဝန်ထမ်းတစ်ဦးကို တံတွေးနဲ့ထွေးခဲ့တဲ့ ဖြစ်ရပ်ကြောင့် ၆ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
သြဂုတ် ၃၁ ရက်က ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲအပြီးမှာ နှစ်ဖက်အသင်း ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ချိန် ဆွာရက်ဇ်ဟာ ဒီလိုအပြုအမူ ပြုလုပ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးစ်အသင်း ကွင်းလယ်လူ ဗာဂတ်စ်ရဲ့ လည်ပင်းတစ်ဝိုက်ကို ဖမ်းဆွဲခဲ့သလို အသင်းဖော် ဘတ်စ်ကွက်ကလည်း သူ့ရဲ့မေးစေ့ကို ထိခိုက်အောင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိနစ်အနည်းငယ်အကြာမှာ ဆွာရက်ဇ်ဟာ ဆီတဲလ်ဆောင်းဒါးအသင်းရဲ့ လုံခြုံရေး ဒါရိုက်တာ ရာမီရက်ဇ်နဲ့ အချင်းများခဲ့ပြီး အသင်းဖော်ဂိုးသမား အူစတာရီက ဒီအဖြစ်အပျက်ကို ဝင်ရောက်ထိန်းသိမ်းခဲ့တာပါ။
ဒါပေမယ့် ဆွာရက်ဇ်ဟာ ရာမီရက်ဇ်ရဲ့ မျက်နှာကို တံတွေးနဲ့ထွေးခဲ့တာ ဖြစ်ပါတယ်။
ဆွာရက်ဇ်ကို တွေ့ရစဉ်
အသက် ၃၈ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ သူ့ရဲ့ဒီအပြုအမူနဲ့ ပတ်သက်ပြီး အင်စတာဂရမ်ကနေ တောင်းပန်မှု ပြုလုပ်ခဲ့တာပါ။
လိဂ်ဖလား စည်းကမ်း ထိန်းသိမ်းကော်မတီက ဆွာရက်ဇ်ကို ၆ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဆွာရက်ဇ်ဟာ ဒီပွဲပယ် ပြစ်ဒဏ်ကို လာမယ့်နှစ် လိဂ်ဖလားပြိုင်ပွဲမှာ ကျခံရမှာဖြစ်ပါတယ်။
မေဂျာလိဂ်ကလည်း ဆွာရက်ဇ်ကို ပွဲပယ်ပြစ် ဒဏ်ထပ်ပြီး ချမှတ်နိုင်မယ့် အခွင့်အရေးရှိတယ်လို့ သိရပါတယ်။
ဆွာရက်ဇ်ရဲ့ အင်တာမိုင်ယာမီအသင်းဖော် ဘတ်စ်ကွက်နဲ့ အလီဗက်စ်တို့ဟာလည်း ၂ ပွဲပယ်နဲ့ ၃ ပွဲပယ် ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး ဆီတဲလ်ဆောင်းဒါးစ်အသင်း နည်းပြအဖွဲ့ဝင် လန်ဟတ်ကို ၅ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့တာပါ။
ဆွာရက်ဇ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေ အများအပြား ပြုလုပ်ခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းအတွက် ပြိုင်ပွဲစုံ ၇၇ ပွဲ ကစားထားပြီး ၃၈ ဂိုးသွင်းယူကာ ပြီးခဲ့တဲ့ရာသီက Supporters' Shield ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Source: BBC