CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၈

ယူနိုက်တက်အသင်း ဂိုးသမား အိုနာနာဟာ အငှားသွားရောက် ကစားမယ့် တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းမှာ လုပ်ခလစာ ၂ ဆနီးပါး ရရှိမယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန့်ဝါတ်အသင်းဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူပြီးနောက် အိုနာနာကို အငှားနဲ့ထွက်ခွာခွင့်ပေးဖို့ လုပ်ဆောင်ခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲစလုံးမှာ ဘယင်ဒါကိုသာ ပွဲထွက်ဂိုးသမား အဖြစ် အသုံးပြုခဲ့ပြီး ဂရင်စဘီအသင်းကို အရေးနိမ့်ခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာသာ အိုနာနာကို ပွဲထွက် ဂိုးသမားအဖြစ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ထရက်ဇွန်စပေါ်အသင်းဟာ တူရကီ အပြောင်းအရွှေ့ မပိတ်မီမှာ ဂိုးသမား အိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေကို အရှိန်မြှင့်ခဲ့တာပါ။

အိုနာနာကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ အိုနာနာအတွက် ထရက်ဇွန်စပေါ်အသင်းရဲ့ အငှားကမ်းလှမ်းမှုကို လက်ခံခဲ့သလို ကစားသမားကလည်း ဒီအပြောင်းအရွှေ့အတွက် သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ 

အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းထံ အငှားအပြောင်းအရွှေ့ အပြီးသတ်ဖို့ ကြာသပတေးနေ့မှာ တူရကီနိုင်ငံထံ သွားရောက်ဖို့ ရှိနေတာပါ။ 

The Athletic က ထရက်ဇွန်စပေါ်အသင်းဟာ ယူနိုက်တက်အသင်းမှာ ရရှိနေတဲ့ အိုနာနာရဲ့ လုပ်ခလစာကို အပြည့်အဝ ပေးချေသွားမှာဖြစ်ပြီး အပိုဆုကြေးတွေလည်း ပေးဖို့ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ 

ကစားသမားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ လုပ်ခလစာ ၂ ဆနီးပါး ရရှိမယ်လို့ ပြောထားပါတယ်။ 

ကင်မရွန်း လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားနေတဲ့ အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၃ နှစ် ကျန်ရှိနေသေးတာပါ။ 

အိုနာနာဟာ လာမယ့် ဖီနာဘာချီအသင်းနဲ့ တူရကီလိဂ်ပွဲစဉ်မှာ ထရက်ဇွန်စပေါ်အသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တယ်လို့ သိရပါတယ်။ 

ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ထိပ်ဆုံးနေရာ ရပ်တည်နေတဲ့ လက်ရှိချန်ပီယံ ဂါလာတာစာရေးအသင်းနဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ 

Source: Metro