CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈
ယူနိုက်တက်အသင်းဟာ ဂိုးသမားအိုနာနာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ သတ်မှတ်ထားပေမယ့် အိုနာနာဟာ လာမယ့်ရာသီအသင်းမှာ ဆက်နေဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပြင်သစ်ကလပ် မိုနာကိုအသင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက အိုနာနာနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ချိန်က ယူနိုက်တက်အသင်းဟာ သူ့အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ သတ်မှတ်ခဲ့တာပါ။
မိုနာကိုအသင်းဟာ အိုနာနာရဲ့ အခြေအနေကို စောင့်ကြည့်နေပေမယ့် ယူနိုက်တက်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖွယ်မရှိဘူးလို့ ပြင်သစ်သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းဟာ ကင်မရွန်းဂိုးသမား အိုနာနာကို ပြီးခဲ့တဲ့ ၂ နှစ်က အင်တာမီလန် အသင်းကနေ ပေါင် ၄၇.၂ သန်းနဲ့ ဝယ်ယူခဲ့တာပါ။
ဆော်ဒီကလပ် နီယွန်အသင်းဟာ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက နိုက်စ်အသင်း ဂိုးသမား ဘူလ်ခါကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။
အိုနာနာကတော့ ယူနိုက်တက်အသင်းမှာ ဆက်ရှိဖို့ ဆန္ဒရှိနေပြီး အသင်းဘက်ကလည်း သူ့ကို နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ထားဖွယ်ရှိနေတာပါ။
အိုနာနာကို တွေ့ရစဉ်
အိုနာနာဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်ကို ပူးပေါင်းနေပြီး လာမယ့်ရာသီမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။
ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်း ဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် အိုနာနာကို ရောင်းချနိုင်မှသာ ဒီအပြောင်းအရွှေ့ကို စဉ်းစားဖွယ်ရှိနေတာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီ ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်သလို အသင်းရဲ့ဘဏ္ဍာရေး အခြေအနေကြောင့် ဂိုးသမားနေရာထက် အခြားနေရာတွေကို ဦးစားပေး အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဝုလ်ဗ်စ်အသင်းက ကွန်ညာကို ခေါ်ယူပြီးနောက် ဘရန်ဖို့ဒ်အသင်းက အမ်ဘူမိုကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။
မန်ချက်စတာကလပ်ဟာ အသင်းကနေ ထွက်ခွာချင်နေတဲ့ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ အန်တိုနီ၊ ဂါနာချိုနဲ့ မာလာစီယာ တို့ကို အမြန်ဆုံး ရောင်းချပြီး သူတို့ဆီကနေ ရရှိမယ့် ပြောင်းရွှေ့ကြေးတွေကို ကစားသမားသစ် ခေါ်ယူတာမှာ အသုံးပြုချင်နေတာ ဖြစ်ပါတယ်။
Source: Dailymail