CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆
တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းမှာ အငှားကစားနေတဲ့ ဂိုးသမား အိုနာနာက သူ့ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေတယ်လို့ ပြောပြီး ယူနိုက်တက်အသင်းကနေ အပြီးသတ်ထွက်ခွာမယ့် အရိပ်အမြွက် ချပြခဲ့ပါတယ်။
အိုနာနာက “ကျနော် အလွန်ပျော်ရွှင်နေပြီး ကျနော့်ကို ယုံလိုက်ပါ။ ကျနော်ဟာ ကျနော့်ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေပါတယ်။ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် အခုတော့ ကျနော် နားလည်ပါပြီ။ ပရိသတ် တွေကို ကျနော်ချစ်ပြီး ဒီခံစားချက်ကို နှစ်သက်ပါတယ်။ ဒီမှာကုန်ဆုံးခဲ့တဲ့ အချိန်တွေက ကျနော့်အတွက် ပြီးပြည့်စုံပြီး ကွဲပြားတဲ့ နေထိုင်မှုပုံစံ ဖြစ်ပေမယ့် အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ ပုံမှန် လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ မှာ ထရက်ဇွန်စပေါ်အသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ရရှိတဲ့ လုပ်ခလစာထက် ထရက်ဇွန်စပေါ်အသင်းမှာ လုပ်ခ ၂ ဆ ရရှိနေတာ ဖြစ်ပါတယ်။

အိုနာနာကို တွေ့ရစဉ်
ယူနိုကတ်အသင်းနဲ့ ၂၀၂၇ နွေရာသီအထိ စာချုပ်ရှိနေတဲ့ အိုနာနာရဲ့ အငှားစာချုပ်ထဲမှာ ထရက်ဇွန်စပေါ်အသင်း အနေနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့် မပါဝင်တာပါ။
အိုနာနာဟာ ထရက်ဇွန်စပေါ်အသင်းမှာ လက်စွမ်းပြသနေတဲ့အတွက် တူရကီကလပ်ဟာ သူ့ကို နွေရာသီမှာ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေသလို သူကလည်း တူရကီမှာ ပျော်ရွှင်နေပြီး ဘဝရဲ့ အကောင်းဆုံး အချိန်ကာလကို ဖြတ်သန်းနေတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံဂိုးသမား လမ်းမန်းစ်ကို နံပါတ် ၁ ဂိုးသမားအဖြစ် အသုံးပြုနေတာကြောင့် နွေရာသီမှာ အသင်းထံ ပြန်ရောက်လာမယ့် အိုနာနာကို ဈေးလျှော့ပြီး ရောင်းချနိုင်ပါတယ်။
အိုနာနာကစားနေတဲ့ ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ နေရာ ရပ်တည် နေပြီး အဆင့် ၁ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၇ မှတ်ကွာဟနေတာဖြစ်ပါတယ်။
Source: Dailymail
