CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ယူနိုက်တက်အသင်းဟာ Boxing Day ပွဲမှာ နယူးကာဆယ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြ အာမိုရင်က သူ့ရဲ့လက်ထက်မှာ အကျေနပ်ဆုံး နိုင်ပွဲတွေထဲက တစ်ပွဲလို့ ပြောခဲ့ပါတယ်။

အာမိုရင်က “အလွန် ကျေနပ်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းကို ကြည့်ရင် ကျနော်တို့ဟာ ခံစစ်ကိုကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ခံစစ်ကို ၆ ယောက်နဲ့လည်း ကစားခဲ့ရပြီး အတူတူ ဒုက္ခခံစားခဲ့ရပါတယ်။ ဒါက ကောင်းမွန်တဲ့ ခံစားချက်ပါ။ ကျနော်တို့မှာ ဒီလိုစိတ်ဓါတ်မျိုး အမြဲတမ်း ရှိနေမယ်ဆိုရင် ပွဲတွေ အများကြီးကို အနိုင်ရမှာပါ။ ကျနော်တို့ဟာ အသင်းရဲ့ စိတ်ဓါတ်၊ စည်းလုံးမှုတို့နဲ့ ပွဲတွေကို အနိုင်ရနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒေါ်ဂူရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ နယူးကာဆယ်အသင်းကို အနိုင်ရပြီး Boxing Day မှာ ရလဒ်ကောင်း ရယူနိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ အဓိက ကစားသမား အများအပြား မပါဝင်နိုင်ခဲ့ပေမယ့် ဒီရာသီမှာ ဒုတိယမြောက် ပေးဂိုး မပေးရတဲ့ ပွဲဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အပေါ် နည်းပြအာမိုရင်က ကျေနပ်နေပါတယ်။ 

 ယူနိုက်တက်နဲ့နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ ရောက်ရှိလာပြီးနောက် ပထမဆုံး အကြိမ်အဖြစ် နောက်တန်း ၄ ဦး အသုံးပြုကာ ပွဲကို စတင်ခဲ့တာဖြစ်ပါတယ်။ 

ဘယ်နောက်ခံလူဖြစ်တဲ့ ဒေါ်ဂူဟာ ဒီပွဲမှာ ညာတောင်ပံ ကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရပြီး ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အာမိုရင်က ဒေါ်ဂူဟာ နယူးကာဆယ်အသင်းနဲ့ပွဲမှာ ကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်လို့ ထင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို ယာယီတက်နိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်ပွဲအဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN