CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၀

နယူးကာဆယ်အသင်းဟာ ဘရာဇီးလ်ကွင်းလယ်လူ ဘရူနိုဂွီမာရေ့စ်အတွက် ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ်ဖို့ အသင့် ဖြစ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

၂၀၂၂ ခုနှစ်က လိုင်ယွန်အသင်းကနေ ရောက်ရှိလာပြီးကတည်းက ဘရူနိုဂွီမာရေ့စ်ဟာ နယူးကာဆယ်အသင်း အတွက် အဓိကကျတဲ့သူတစ်ဦးအဖြစ် ခြေစွမ်းပြသနေတာပါ။ 

လက်ရှိအချိန်မှာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘရူနိုဂွီမာရေ့စ် မပါဝင်နိုင်တဲ့ပွဲတွေမှာ နယူးကာဆယ်အသင်းဟာ ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရိုက်တာသတင်းဌာနက ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဘရူနို ဂွီမာရေ့စ်ကို ယူရိုသန်း ၈၀ နဲ့ခေါ်ယူဖို့ နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးနေတယ်လို့ ဖော်ပြထားတာပါ။ 

 ဂွီမာရေ့စ်ကို တွေ့ရစဉ်

နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာမယ့် ကွင်းလယ်လူ ကတ်စီမီရိုက သူ့ရဲ့နေရာမှာ အစားထိုးမှု အဖြစ် ဂွီမာရေ့စ်ကို ခေါ်ယူဖို့ အသင်းအကြီးအကဲတွေကို အကြံပြုခဲ့တယ်လို့ သိရပါတယ်။ 

talkSPORT ကတော့ ဂွီမာရေ့စ်ဟာ ယူနိုက်တက်အသင်း ဝယ်ယူမယ့် စာရင်းထဲ ပါဝင်နေပေမယ့် နယူးကာဆယ် အသင်းဟာ သူတို့ရဲ့ အသင်းခေါင်းဆောင်ကို ရောင်းချဖို့ ရည်ရွယ်ထားခြင်း မရှိဘူးလို့ ဖော်ပြထားတာပါ။ 

ဒါ့ပြင် နယူးကာဆယ်အသင်းဟာ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ဂွီမာရေ့စ်ကို စာချုပ်သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထိန်းသိမ်းဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

ESPN ဘရာဇီးလ်ကတော့ နယူးကာဆယ်အသင်းဟာ ဂွီမာရေ့စ်ကို ရောင်းချဖို့ လမ်းဖွင့်ထားပေမယ့် ယူနိုက်တက် အသင်းဟာ သူ့ကိုခေါ်ယူချင်တယ်ဆိုရင် အနည်းဆုံး ယူရိုသန်း ၈၀ နဲ့ ကမ်းလှမ်းဖို့ လိုအပ်တယ်လို့ ဖော်ပြထားတာ ပါ။ 

အသက် ၂၈ နှစ်အရွယ်ရှိ ဂွီမာရေ့စ်ဟာ နယူးကာဆယ်အသင်းအတွက် ၁၈၉ ပွဲ ကစားထားပြီး ၃၁ ဂိုးသွင်းယူကာ ကာရာဘောင်းဖလား ၁ ကြိမ် ရယူထားနိုင်ပါတယ်။ 

Source: Metro