CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၅
ယူနိုက်တက်အသင်းဟာ နည်းပြမိုက်ကယ်ကာရစ် လက်ထက်မှာ ၇ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပေမယ့် နယူးကာဆယ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ဒီပွဲမှာ ယူနိုက်တက်အသင်းဟာ ပထမပိုင်း ပွဲချိန်အတွင်း နယူးကာဆယ်အသင်း ကွင်းလယ်လူ ရမ်ဆေး ထုတ်ပယ် ခံခဲ့ရလို့ တစ်ဦးအသာနဲ့ ကစားခဲ့ရပေမယ့် မိနစ် ၉၀ မှာ ပေးခဲ့ရတဲ့ လူစားဝင် အိုဆူလာရဲ့သွင်းဂိုးကြောင့် ရှုံးပွဲ ကြုံတွေ့ခဲ့ပါ။
ယူနိုက်တက်အသင်းဟာ ဒီရှုံးပွဲကြောင့် နည်းပြမိုက်ကယ်ကာရစ် လက်ထက်ကစားခဲ့တဲ့ ၈ ပွဲမှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေနဲ့ ၁ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်က “အလွန်စိတ်ပျက်ဖို့ ကောင်းခဲ့ပြီး နာကျင်စရာပါပဲ။ ကျနော်တို့ဟာ ကောင်းမွန်တဲ့ပုံစံနဲ့ ဒီကို ရောက်လာခဲ့ပြီး ပွဲကနေ တစ်ခုခု ရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလုပ်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါ တယ်။ ဒီပွဲက နာကျင်စရာကောင်းခဲ့ပေမယ့် ကျနော်တို့ အနားမှာ အလွန်ကောင်းမွန်တဲ့ အသင်းတွေ ရှိနေတာ ကြောင့် လာမယ့်ပွဲတွေကို အနိုင်ရအောင် ကြိုးစားရမယ်”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်နဲ့နယူးကာဆယ် ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် အက်စတွန်ဗီလာအသင်းကလည်း ချယ်လ်ဆီးအသင်းကို အရေး နိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ဆက်ပြီး ရပ်တည်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ရမှတ်တူနေပြီး အဆင့် ၅ နေရာက ချယ်လ်ဆီး အသင်းနဲ့ ၃ မှတ်သာ ကွာဟတာကြောင့် လာမယ့်ပွဲတွေမှာ အမှားအယွင်း လုပ်ခဲ့ရင် အဆင့် ကျဆင်းသွားနိုင် ပါတယ်။
အဲ့ဒါကြောင့် နည်းပြမိုက်ကယ်ကာရစ်က ယူနိုက်တက်အသင်းအနေနဲ့ လက်ကျန်ပွဲတွေမှာ တစ်ပွဲချင်းစီကို အာရုံစိုက်ဖို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲအဖြစ် မတ်လ ၁၅ ရက်မှာ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
