CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၅

လီဗာပူးလ်နဲ့မန်စီးတီးအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း တောင်ပံကစားသမား အိုလီဆီဟာ လာလီဂါမှာ သူ့ကိုယ်သူ သွားရောက် စမ်းသပ်ခံဖို့ ဆန္ဒရှိနေပါတယ်။ 

၂၀၂၄ ခုနှစ်က ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ရောက်လာခဲ့တဲ့ အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲဦးထွက်ခဲ့တဲ့ရာသီမှာ ၂၀ ဂိုးသွင်းပြီး ၂၃ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ 

ပြင်သစ်ကစားသမားဟာ ဒီရာသီမှာလည်း သူ့ရဲ့အကောင်းဆုံးပုံစံကို ဆက်ထိန်းထားပြီး ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

လီဗာပူးလ်၊ မန်စီးတီးနဲ့ PSG အသင်းတို့ရဲ့ စောင့်ကြည့်မှုတွေ ခံနေရတဲ့ အိုလီဆီအတွက် ဘိုင်ယန်မြူးနစ်အသင်း ဟာ ကမ်းလှမ်းမှုတွေကို လက်ခံဖို့ ရည်ရွယ်ထားခြင်း မရှိတာပါ။ 

Team Talk က လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ဟာ အိုလီဆီအတွက် စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် သူတို့ရဲ့ချဉ်းကပ်မှုတွေဟာ ငြင်းပယ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ 

အိုလီဆီကို တွေ့ရစဉ်

လီဗာပူးလ်အသင်းဟာ ဆာလက်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ကစားပုံချင်းတူညီတဲ့ အိုလီဆီကို ပစ်မှတ်ထား နေတာဖြစ်ပြီး မန်စီးတီးအသင်းကလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ သူ့ကို စိတ်ဝင် စားနေတာပါ။ 

အိုလီဆီဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေသလို အခုအချိန်မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားထားခြင်း မရှိတာဖြစ်ပါတယ်။ 

ဒါပေမယ့် အိုလီဆီဟာ အနာဂတ်မှာတော့ လာလီဂါထံ သွားရောက်ပြီး သူ့ကိုယ်သူ စမ်းသပ်ခံဖို့ ဆန္ဒရှိနေတာ ကြောင့် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့က သူ့ရဲ့တိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေကြပါတယ်။ 

သတင်းတွေမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အိုလီဆီအတွက် ယူရိုသန်း ၁၀၀ အောက် ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာ မဟုတ်ဘဲ စာချုပ်သစ် ချုပ်နိုင်ခဲ့ရင် ဒီထက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။ 

Source: Sportsmole