CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ပစ်မှတ်ဖြစ်ခဲ့တဲ့ ပဲလေ့စ်အသင်းတောင်ပံ ကစားသမား အိုလီဆီကို ပေါင်သန်း ၅၀ နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ခေါ်ယူလိုက်ပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ပြင်သစ် ယူ-၂၁ ကစားသမား အိုလီဆီဟာ ပဲလေ့စ်အသင်းမှာ ကစားခဲ့တဲ့ ၃ ရာသီအတွင်း ပွဲပေါင်း ၉၀ ပါဝင်ကစားကာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။ 

အိုလီဆီဟာ ပဲလေ့စ်အသင်းကို ၂၀၂၁ ခုနှစ်က ရီးဒင်းအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ခြေစွမ်းပြသနိုင်ခဲ့ တာကြောင့် ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ 

ဒါပေမယ့် အိုလီဆီဟာ ကွန်ပနီကိုင်တွယ်မယ့် ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာပါ။

အိုလီဆီက “ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေက အလွန် အပြုသဘောဆောင်ခဲ့ပြီး အခုလိုအသင်းကြီးမှာ ကစားခွင့်ရတဲ့အတွက် ကျနော် အလွန်ပျော်ရွှင်ပါတယ်။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီး ကျနော် ရှာဖွေနေတာနဲ့ အတိအကျပါပဲ။ ဒီအဆင့်မှာ ကိုယ့်ကိုယ်ကို သက်သေပြပြီး လာမယ့်နှစ်တွေမှာ အသင်းနဲ့အတူ ဆုဖလားတွေ အများအပြား ရယူနိုင်ဖို့ လုပ်ဆောင်ပေးချင်ပါတယ်”လို့ စာချုပ်ချုပ်ဆိုအပြီးမှာ ပြောခဲ့ပါတယ်။

အိုလီဆီကို တွေ့ရစဉ်

ဘိုင်ယန်မြူးနစ်အသင်းဟာ အိုလီဆီကို ခေါ်ယူအပြီးမှာ ဖူလ်ဟမ်အသင်း ကွင်းလယ်လူ ပယ်လ်ဟင်ညာကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေတာပါ။ 

ပယ်လ်ဟင်ညာဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့ပေမယ့် အပြောင်း အရွှေ့ နောက်ဆုံးနေ့မှာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါဖလားကို လေဗာကူဆင်အသင်းထံ ပေးခဲ့ရလို့ ရာသီသစ်မှာ ဆုဖလား ပြန်လည်ရယူနိုင်ဖို့ ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ကစားသမားသစ်တွေ ဖြည့်တင်းနေတာပါ။

အိုလီဆီဟာ အိုလံပစ်ပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်းမှာ ရွေးချယ်ခံထားရတာကြောင့် အိုလံပစ်ပြိုင်ပွဲအပြီးမှသာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်မှုတွေကို စတင်နိုင်မှာဖြစ်ပါတယ်။ 

Source: BBC