CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၆
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြင်သစ်ကြယ်ပွင့် အိုလီဆီကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောထားတာကြောင့် လီဗာပူးလ်အသင်းဟာ သူတို့ပစ်မှတ်ကို ခေါ်ယူနိုင်ဖို့ ခက်ခဲတဲ့ ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာတော့မယ့် ဆာလက်ရဲ့ နေရာမှာ အစားထိုးဖို့ အိုလီဆီကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတာပါ။
ဂျာမနီကလာတဲ့ သတင်းတွေမှာ လီဗာပူးလ်အသင်းဟာ အိုလီဆီအတွက် ပေါင် ၁၇၃ သန်းနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိ နေပြီး ရီးရယ်လ်အသင်းကလည်း တိုက်စစ်ပိုင်း အားဖြည့်ဖို့ သူ့ကို ပေါင် ၁၄၃ သန်းနဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာ မတ်ဇ်အီဘာလ်က သူတို့ဟာ အိုလီဆီ ထွက်ခွာမယ့် အကြောင်းကို စဉ်းစားခြင်း မရှိဘူးလို့ ဂျာမန်သတင်းစာ Bild ကိုပြောခဲ့ပြီး အသင်း CEO ဒရီးဆန်ကလည်း ဘယ်ကလပ်ကပဲ သူ့ကိုခေါ်ယူနိုင်အောင် ဆွဲဆောင်ဖို့ ကြိုးစားပါစေ၊ အသင်းမှာ ကစားတဲ့သူတိုင်းက သူတို့မှာ ဘာတွေရှိလဲဆိုတာ သိတယ်လို့ ပြောခဲ့ပါတယ်။

အိုလီဆီကို တွေ့ရစဉ်
ဘိုင်ယန်မြူးနစ်အသင်းနဲ့ အိုလီဆီရဲ့စာချုပ်ဟာ နောက်ထပ် ၃ နှစ် ကျန်ရှိနေသေးတာပါ။
ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ အိုလီဆီဟာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့ လာပြီး ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့ဘောလုံးလောကရဲ့ တန်ဖိုး အရှိဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေတဲ့ အိုလီဆီဟာ ဒီရာသီအသင်းအတွက် ၃၉ ပွဲ ကစားထားတာမှာ ၁၆ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၂၇ ကြိမ် ပြုလုပ်ထားတာပါ။
အိုလီဆီဟာ လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေပြီး ပြင်သစ်အသင်းဟာ ဘရာဇီးလ်၊ ကိုလံဘီယာအသင်းတို့နဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။
Source: Dailymail
