CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
ကိုလံဘီယာကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ သူ့ကိုခေါ်ယူနိုင်ဖို့အတွက် လာမယ့်ရက်ပိုင်းအတွင်း လီဗာပူးလ်အသင်း ထံ ကမ်းလှမ်းမှုအသစ် ပြုလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က လူးဝစ်ဒီယက်ဇ်အတွက် ယူရို ၆၇.၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ဦးစားပေး ခေါ်ယူမှုအဖြစ် သတ်မှတ်ထားတာကြောင့် add-ons အပြင် ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းမှုအသစ် ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းအတွက် ၁၇ ဂိုး သွင်းယူခဲ့ပြီး အသင်းကို ပရီးမီးယားလိဂ် ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာပါ။
လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
အသက် ၂၈ နှစ်အရွယ်ရှိ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းကနေ ထွက်ခွာချင်တဲ့ အကြောင်းကို အသင်း တာဝန်ရှိသူတွေထံ အသိပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် လီဗာပူးလ်အသင်းကတော့ လူးဝစ်ဒီယက်ဇ်ကို ရောင်းချဖို့ ဆန္ဒမရှိဘူးဆိုပြီး ကမ်းလှမ်းမှုတွေကို ငြင်းပယ်ထားတာပါ။
လူးဝစ်ဒီယက်ဇ်ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှု ကို လီဗာပူးလ်အသင်းက ပယ်ချခဲ့တာကြောင့် သူတို့ဟာ တိုက်စစ်ပိုင်းအတွက် အခြားရွေးချယ်စရာတွေကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ နောက်ဆုံးမှာ ယူနိုက်တက်အသင်းက ရက်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ အခုအချိန်ထိ လူးဝစ်ဒီယက်ဇ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲသေး ပေမယ့် အပြောင်းအရွှေ့ မပိတ်မီမှာ ပြောင်းလဲသွားနိုင်ဖွယ် ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ဖော်ပြထား ပါတယ်။
လီဗာပူးလ်အသင်းနဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးတာပါ။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲကစားထားပြီး ၄၁ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူထားတာဖြစ်ပါတယ်။
Source: ESPN