CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုလံဘီယာကြယ်ပွင့် လူးဝစ်ဒီယက်ဇ်ကို add-ons အပါအဝင် ပေါင် ၆၅.၅ သန်းနဲ့ ခေါ်ယူဖို့ လီဗာပူးလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိခဲ့ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ အစောပိုင်းက လူးဝစ်ဒီယက်ဇ်အတွက် ပေါင် ၅၈.၆ သန်းနဲ့ ကမ်းလှမ်းခဲ့တာကို လီဗာပူးလ်အသင်းက ပယ်ချခဲ့ပြီးနောက် ပြောင်းရွှေ့ကြေးတိုးပြီး ကမ်းလှမ်းခဲ့တာမှာ သဘောတူညီမှုရရှိခဲ့တာပါ။ 

အသက် ၂၈ နှစ်အရွယ်ရှိ လူးဝစ်ဒီယက်ဇ်ဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေကြောင့် အေစီမီလန် အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဟောင်ကောင်ခြေစမ်းပွဲမှာ လီဗာပူးလ်အသင်းရဲ့ လူစာရင်းထဲ ပါဝင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ လာမယ့် ရက်ပိုင်းအတွင်း ဘိုင်ယန်မြူးနစ်အသင်းထံ သွားရောက်ပြီး ဆေးစစ်မှုခံယူဖို့ လီဗာပူးလ်အသင်းရဲ့ ခွင့်ပြုချက် ရရှိထားတာပါ။ 

လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ် 

လီဗာပူးလ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းအတွက် ဖလော်ရီယန်ဗစ်ဇ်နဲ့ အီကီတိုက်တို့ကို ခေါ်ယူထားပြီး နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲကစားခဲ့ပြီး ၄၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့ပြီး မနှစ်ကရာသီက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အဓိက ကစားသမား မူစီယာလာကို ကာလရှည်ကြာ အနားပေးရဖွယ်ရှိနေတဲ့အတွက် အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်တဲ့အနေနဲ့ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူနိုင်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ 

Source: BBC