CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈

ရီးရယ်လ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီမှာ ဘရာဇီးလ်တောင်ပံကစားသမား ရိုဒရီဂို အပါအဝင် ကစားသမား ၅ ဦးကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ AS သတင်းမှာ ဖော်ပြထားပါတယ်။ 

အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ ရိုဒရီဂိုဟာ ဒီနွေရာသီမှာ ရီးရယ်လ်အသင်း ကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေကို ခံနေရတာပါ။ 

ရီးရယ်လ်အသင်းဟာ သြဂုတ် ၄ ရက်မှာ ရာသီကြို ပြင်ဆင်မှုတွေ စတင်ပြီးရင် ကလပ်အသင်းဘက်က ကစားသမား ၅ ဦးကို ရောင်းချနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

ရိုဒရီဂို၊ အန်းဒရစ်၊ အလာဘာ၊ ဆီဘယ်လော့စ်နဲ့ ဖာလန်းမန်ဒီတို့ဟာ ဒီနွေရာသီမှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာရဖွယ်ရှိနေတာပါ။

ရိုဒရီဂိုကို တွေ့ရစဉ် 

ရိုဒရီဂိုဟာ ရာသီကြို ပြင်ဆင်မှုတွေ ပြန်လည် စတင်မယ့်အချိန်မှာ နည်းပြဇာဘီအလွန်ဆိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ကလပ်အသင်းဘက်က သူတို့နှစ်ဦး ဆွေးနွေးမှု ပြုလုပ်ပြီးရင် နောက်ဆုံး ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ရိုဒရီဂိုအတွက် ယူရိုသန်း ၁၀၀ တန်ကြေး သတ်မှတ်ထားပြီး ဒီပမာဏကို လျှော့ချသွားဖို့ မရှိနိုင်တာပါ။

ရိုဒရီဂိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ လီဗာပူးလ်အသင်းအပြင် စပါးအသင်းကလည်း ဒီပြိုင်ဆိုင်မှုထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးလ် တိုက်စစ်မှူး အန်းဒရစ်ဟာ မကြာသေးမီကမှ ဒဏ်ရာအသစ် ရရှိခဲ့တဲ့အတွက် ရာသီအစပွဲတွေကို လွဲချော်ဖွယ်ရှိနေတာပါ။

ရီးရယ်လ်အသင်းဟာ အန်းဒရစ်ကို အပြီးသတ် ရောင်းချဖွယ် မရှိပေမယ့် သူပွဲကစားချိန်တွေ အများကြီး ရရှိနိုင်ဖို့ အတွက် အငှားချဖို့ စဉ်းစားနိုင်တာဖြစ်ပါတယ်။ 

အန်းဒရစ်ကလည်း ရီးရယ်လ်အသင်းကနေ အပြီးသတ် ထွက်ခွာဖို့ ဆန္ဒမရှိတာပါ။

ရီးရယ်လ်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဒင်းမ်ဟိုက်ဆန်၊ အာနိုးလ်၊ အယ်လ်ဗာရိုနဲ့ မာစတန်တူအိုနို တို့ကို အားဖြည့်ထားပါတယ်။

ရီးရယ်လ်အသင်းဟာ ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၉ ရက်မှာ အိုဆာဆူနာအသင်းနဲ့ လာလီဂါ အိမ်ကွင်း ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal