CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၄

ရီးရယ်လ်အသင်း တိုက်စစ်မှူး ရိုဒရီဂိုဟာ ဒူးအရွတ်စုတ်ပြဲ(ACL)ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရ တော့မှာ ဖြစ်သလို ဘရာဇီးလ်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်သွားခဲ့ပါတယ်။ 

ရိုဒရီဂိုဟာ ရီးရယ်လ်အသင်းက ဂီတာဖေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ACL ဒဏ်ရာ ရရှိသွားခဲ့တာပါ။

ACL ဒဏ်ရာဟာ ဘောလုံးသမားတိုင်း ကြောက်ရတဲ့ ဒဏ်ရာဖြစ်ပြီး ဒီဒဏ်ရာကြောင့် ပွဲတွေ ပြန်ကစားနိုင်ဖို့ အချိန် အကြာကြီး ယူရနိုင်တာ ဖြစ်ပါတယ်။ 

ရိုဒရီဂိုက သူ့ဘဝရဲ့ အဆိုးရွားဆုံး နေ့ရက်တွေထဲက တစ်ရက်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

ရိုဒရီဂိုက “ကျနော်ဟာ ကလပ်အသင်းနဲ့ ရာသီကုန်အထိ မကစားနိုင်တော့သလို နိုင်ငံအသင်းနဲ့လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မပါဝင်ရတော့ပါဘူး။ အခုအချိန်မှာ ကျနော် လုပ်နိုင်တဲ့အရာက အမြဲတမ်းလိုပဲ သန်မာနေဖို့ပါပဲ။ အလွန် ခက်ခဲတဲ့ အချိန်ဖြစ်နေပေမယ့် ဒီနေရာမှာ မရပ်တန့်ဘူးဆိုတာ ကျနော် ကတိပေးနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ရိုဒရီဂိုကို တွေ့ရစဉ်

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က ရိုဒရီဂို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ ကွင်းထဲ အမြန်ဆုံး ပြန်လာနိုင်ဖို့ ဆုတောင်းပေးတယ်လို့ သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ 

ရိုဒရီဂိုဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၃ ဂိုး သွင်းယူထားတာပါ။ 

ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘတ်ပီနဲ့ဘယ်လင်ဂမ်တို့ကို ဒဏ်ရာ ကြောင့် အနားပေးထားရချိန် ရိုဒရီဂိုရဲ့ဒဏ်ရာ သတင်းဟာ သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ပြီး ရလဒ်တွေ ပြန်ဆိုးနေတဲ့ ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲတွေအဖြစ် ဆယ်တာဗီဂိုအသင်းနဲ့လာလီဂါ၊ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ယှဉ်ပြိုင် ရမှာ ဖြစ်ပါတယ်။ 

Source: BBC