CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၅

အာဆင်နယ်အသင်းက ဘရိုက်တန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် အသင်းရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာကို ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာက ဝေဖန်ခဲ့ပြီး ပရီးမီးယားလိဂ် အနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

ဟာဇယ်လာက “ဒီပွဲကိုအနိုင်ရဖို့ သူတို့အရာအားလုံး လုပ်ခဲ့ကြတယ်လို့ ခံစားရပါတယ်။ နောက်ဆုံးမှာ စည်းမျဉ်း တွေနဲ့ပဲ သက်ဆိုင်ပြီး ပရီးမီးယားလိဂ်မှာ ဒိုင်လူကြီးက အရာအားလုံးကို ခွင့်ပြုရင် ခက်ခဲပါတယ်။ သူတို့က ကိုယ်ပိုင် စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ အချိန်ဆွဲလို့ ဂိုးသမားကို အဝါကတ် ၂ ကတ် ပြသပြီး ထုတ်ပယ် ချင်လား၊ ဒါက ဘယ်တော့မှဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စည်းမျဉ်းတွေကို ကန့်သတ်ဖို့ လိုအပ်ပါတယ်။ ဒိုင်လူကြီးတွေကို ကာကွယ်နိုင်တာကြောင့် ရှင်းလင်းတဲ့ စည်းမျဉ်းတွေ လိုအပ်ကြောင်း”ပြောခဲ့တာပါ။ 

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ သရေကျခဲ့တဲ့ မန်စီးတီးအသင်းကို ၁ ပွဲ ပိုကစားပြီး ရမှတ် ၇ မှတ်ဖြတ်ကာ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အာဆင်နယ်အသင်းဟာ ပွဲကို အချိန်ဆွဲပြီး ကစားဖို့ ကြိုးစားတာကြောင့် ကွင်းဘေးစည်းမှာ အာတီတာနဲ့ ဟာဇယ်လာတို့ အပြန်အလှန် စကားပြောဆိုမှုတွေလည်း ရှိခဲ့တာပါ။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ်

ဘရိုက်တန်အသင်းဟာ ဒီပွဲမှာ အာဆင်နယ်အသင်းထက် ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးပေါက်ကန်သွင်းမှုတွေမှာ အသာရခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘရိုက်တန်အသင်းနည်းပြ ဟာဇယ်လာက အာဆင်နယ်အသင်းကို ဝေဖန်ခဲ့ကာ ဒီပွဲမှာ ဘောလုံး ကစားဖို့ ကြိုးစားခဲ့တာ သူတို့တစ်သင်းပဲရှိပြီး သူဟာ ဒီလိုနည်းနဲ့ အနိုင်ရဖို့ ကြိုးစားတဲ့ နည်းပြမျိုး ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဟာဇယ်လာရဲ့ မှတ်ချက်စကားတွေဟာ အံ့သြစရာဖြစ်ပြီး အရင်ပွဲ တွေကို ပြန်ကြည့်လိုက်ရင်လည်း ဒီလိုမှတ်ချက်တွေ အများကြီး မြင်တွေ့ရမယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ လာမယ့်ပွဲတွေအဖြစ် မန်စ်ဖီးလ်တောင်းအသင်းနဲ့ FA ဖလား၊ လေဗာကူဆင်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: Metro