CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၄
ဆော်ဒီပရိုလိဂ်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်း တိုက်စစ်မှူးဟောင်း ဒါဝင်နူနက်ဇ်ဟာ နွေရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာဖွယ် ရှိနေပါတယ်။
လီဗာပူးလ်အသင်းမှာ ကစားခဲ့ချိန်က ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ဗြိတိန်မီဒီယာတွေရဲ့ ဝေဖန်မှု အများအပြား ခံခဲ့ရတဲ့ ဒါဝင်နူနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆော်ဒီထိပ်သီး အယ်လ်ဟီလယ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။
ဒါပေမယ့် ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းမှာ အဆင်မပြေမှုတွေ ရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေက သူ့ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူမယ့်စာရင်းထဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ChronicleLive က အဓိက တိုက်စစ်မှူးတစ်ဦးကို ရှာဖွေမှုတွေ ပြုလုပ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒါဝင်နူနက်ဇ် ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ တစ်သင်းအနေနဲ့ ပါဝင်တယ်လို့ ဖော်ပြထားတာပါ။

ဒါဝင်နူနက်ဇ်ကို တွေ့ရစဉ်
ချယ်လ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ နယူးကာဆယ်နဲ့ စပါးအသင်းတို့ကလည်း ဒါဝင်နူနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ချယ်လ်ဆီး၊ နယူးကာဆယ်နဲ့ စပါးအသင်းတို့ဟာ ဒါဝင်နူနက်ဇ်ကို ပတ်ဝန်းကျင်အသစ်မှာ ထွန်းတောက်လာနိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ရှုမြင်နေကြတာပါ။
ဒါဝင်နူနက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာခဲ့ရင် လီဗာပူးလ်အသင်းမှာ ရုန်းကန်ခဲ့ရတာကို အကောင်း ဆုံးပုံစံ ပြသနိုင်မယ့် အခွင့်အရေးအပြင် သူ့ရဲ့ ကစားသမားဘဝကို ပိုပြီးအားကောင်းအောင် လုပ်နိုင်မယ့် အခွင့် အရေး ရှိနေတာဖြစ်ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းထံ ဘန်ဇီမာ ရောက်ရှိလာခြင်းကြောင့် ပြည်တွင်း ပြိုင်ပွဲတွေမှာ ပါဝင် ကစားခွင့် မရတော့ဘဲ အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာသာ ကစားခွင့် ရရှိခဲ့တာပါ။
အယ်လ်ဟီလယ်အသင်းကလည်း ဒါဝင်နူနက်ဇ်အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရခဲ့ရင် နွေရာသီမှာ ရောင်းချနိုင် ပါတယ်။
ဒါဝင်နူနက်ဇ်ဟာ အယ်လ်ဟီလယ်အသင်းအတွက် ၂၄ ပွဲ ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။
Source: Goal
