CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၄

ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်ပွဲမှာ အက်သလက်တီကိုအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ကာ ဗိုလ်လုပွဲ မတက်နိုင်ခဲ့ပြီးနောက် နည်းပြဟန်ဆီဖလစ်က စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

ဟန်ဆီဖလစ်က “ကျနော်တို့ စိတ်ပျက်မိပေမယ့် ကျနော်တို့ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတွက် အလွန်ဂုဏ်ယူ နိုင်ပါတယ်။ ကျနော်တို့အတွက် အံ့သြစရာကောင်းတဲ့ ပွဲဖြစ်ခဲ့ပြီး ဂိုးတွေပိုပြီးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာ ဗိုလ်လုပွဲတက်ဖို့ မဖြစ်ခဲ့တာကို ကျနော်တို့ လက်ခံရမှာပါ”လို့ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ 

ဒါပေမယ့် ပထမအကျော့ပွဲစဉ်မှာ အက်သလက်တီကိုအသင်းက ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ ပေါင်း ရလဒ် ၄ ဂိုး-၃ ဂိုးနဲ့ အက်သလက်တီကိုအသင်း အနိုင်ရပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တာပါ။ 

ဘာစီလိုနာနဲ့ အက်သလက်တီကိုအသင်း ယှဉ်ပြိုင်နေစဉ်

အက်သလက်တီကိုအသင်းဟာ နှစ်ပေါင်း ၁၃ နှစ်အကြာမှ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ပြန်ပြီးတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းဟာ ဆိုစီဒက်နဲ့ဘီလ်ဘာအိုအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ ဧပြီလထဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာပါ။ 

ဘာစီလိုနာအသင်းဟာ ကိုပါဒယ်ရေးဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဒီပွဲမှာမြင်တွေ့ခဲ့ရတဲ့ အသင်းရဲ့ အရည်အသွေးက မယုံနိုင်စရာဖြစ်ပြီး ပွဲတိုင်းကို ဒီလိုပုံစံ ပြသရမယ်လို့ ပြောခဲ့ပါတယ်။

လာလီဂါအမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်ထားတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် ဘီလ်ဘာအိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အက်လသလက်တီကိုအသင်းကတော့ ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN