CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၄
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်ပါဝင်ခြင်း ရှိ၊မရှိကို သူဂရုမစိုက်ဘူးလို့ ပြောခဲ့ပါတယ်။
“ကျနော် တကယ် ဂရုမစိုက်ပါဘူး။ အီရန်ဟာ အလွန်ဆိုးရွားစွာ ရှုံးနိမ့်နေတဲ့ နိုင်ငံတစ်ခုလို့ ကျနော်ထင်ကြောင်း” ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်ပါဝင်မယ့် အကြောင်းနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က Politico ကို ပြောခဲ့တာပါ။
အီရန်နိုင်ငံဟာ ဒီရက်သတ္တပတ်ထဲ အတ္တလန်တာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေအတွက် ဖီဖာ စီမံကိန်း ရေးဆွဲရေး ထိပ်သီးအစည်းအဝေးကို ပျက်ကွက်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် ဒေသတွင်း စစ်ပွဲတွေ မြင့်တက်နေချိန်မှာ အီရန်အသင်းဟာ အမေရိကန်မြေပေါ်မှာ ယှဉ်ပြိုင်ရမယ့် သူတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပွဲတွေကို ယှဉ်ပြိုင်မလားဆိုတဲ့ မေးခွန်းတွေကလည်း ပိုပြီးထွက်ပေါ်နေခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
အမေရိကန်နဲ့အစ္စရေးတို့ဟာ အီရန်ကို တိုက်ခိုက်နေသလို အီရန်ကလည်း ပင်လယ်ကွေ့ရှိ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတွေကို ပြန်ပြီး တိုက်ခိုက်ကာ တုန့်ပြန်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်ဆက် ယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ အီရန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး သူတို့ရဲ့ပွဲတွေကို လော့အိန် ဂျလိစ်နဲ့ ဆီတယ်လ်မှာ ကစားရမှာပါ။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ နုတ်ထွက်ခြင်း မရှိသေးပေမယ့် ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာဘူးလို့ အဖွဲ့ချုပ်အကြီးအကဲက ပြောထားပါတယ်။
ဒါပေမယ့် နိုင်ငံရဲ့ အားကစား အကြီးအကဲတွေက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမယ်လို့ သူကပြောခဲ့ပါတယ်။
ဖီဖာအထွေထွေအတွင်းရေးမှူး ဂရပ်ဖ်စထရွမ်က သူတို့ရဲ့ အဓိက အာရုံစိုက်မှုက လူတိုင်းပါဝင်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဘေးကင်းစွာကျင်းပဖို့ ဖြစ်တယ်လို့ ပြောထားပါတယ်။
Source: Reuters
