CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူးဟာရီကိန်းက ဘွန်ဒက်လီဂါမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာပြီးနောက် ဒီစံချိန်သစ်အတွက် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “နှစ်တစ်နှစ်ကို အကောင်းဆုံးအဆုံးသတ်နိုင်ခဲ့ပါပြီ။ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပြီး ဘွန်ဒက်လီဂါမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူပါတယ်။ ဆောင်းရာသီအားလပ်ရက်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ၂၀၂၆ ခုနှစ်ကို ပြန်လည်စတင်မယ်”လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ဟိုင်ဒန်ဟိမ်းအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့တဲ့ ဟာရီကိန်းဟာ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုး ၃၀ သွင်းယူထားပြီး ဒီအထဲမှာ ဘွန်ဒက်လီဂါသွင်းဂိုးက ၁၉ ဂိုးပါဝင်ပါတယ်။
ဒီသွင်းဂိုးကြောင့် ဟာရီကိန်းဟာ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုးပါဝင်ပတ်သက်မှု ၁၀၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းဟာ ဘွန်ဒက်လီဂါမှာ ပွဲပေါင်း ၇၈ ပွဲသာကစားရသေးပေမယ့် ၈၁ ဂိုးသွင်းပြီး ၁၉ ဂိုးဖန်တီးထားတာပါ။
အဲ့ဒါကြောင့် ဟာရီကိန်းဟာ နယ်သာလန်ဂန္ထဝင်အာဂျန်ရော်ဘင်တင်ရှိထားတဲ့ ဂိုးပါဝင်ပတ်သက်မှု ၁၀၀ ပြည့်မြောက်ဖို့ လိဂ် ၁၁၉ ပွဲကစားခဲ့ရတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ၂၀၂၃ ခုနှစ်နွေရာသီကတည်းက ဘွန်ဒက်လီဂါမှာ စံချိန်သစ်အများအပြားရရှိထားတဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၂၁ ပွဲကစားထားပြီး ၁၁၅ ဂိုးသွင်းယူထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီဘွန်ဒက်လီဂါပြိုင်ပွဲ ၁၅ ပွဲကစားအပြီးမှာ ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၁ နေရာရပ်တည်နေပြီး အဆင့် ၂ နေရာက ဒေါ့မွန်အသင်းကို ၉ မှတ်ဖြတ်ထားတာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဇန်နဝါရီ ၁၁ ရက်မှသာ ဘွန်ဒက်လီဂါပွဲစဉ်ပြန်ပြီးယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
