CNI Sport News
၂၀၂၅ ခုနှစ်၊ မတ်လ ၆
ဘိုင်ယန်မြူးနစ်အသင်းက လေဗာကူဆင်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့သွင်းဂိုးကို အောင်ပွဲခံရင်း ဒဏ်ရာရရှိခဲ့တဲ့ ဂိုးသမား နူအာဟာ ဒုတိယအကျော့ ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပါတယ်။
နူအာဟာ ဒီပွဲစဉ်မှာ မူစီယာလာက အသင်းအတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပြီးချိန်မှာ ပြင်းထန်တဲ့ အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တာကြောင့် ခြေသလုံးကြွက်သား ဒဏ်ရာ ရရှိသွားခဲ့တာပါ။
အဲဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ယူခဲ့တဲ့ အာဘစ်ကို နူအာရဲ့နေရာမှာ လူစားလဲပြီး အသုံးပြုခဲ့ရတာဖြစ်ပါတယ်။
နူအာကို တွေ့ရစဉ်
နူအာရဲ့ ဒဏ်ရာအခြေအနေ မသက်သာဘူးဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်ကို ဝါရင့် ဂိုးသမားမပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက “အခုအချိန်မှာ နူအာနဲ့ ပတ်သက်ပြီး ကျနော့်မှာ သတင်းမရှိပါဘူး။ ဒါပေမယ့် ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲခံမှုကြောင့် သူဒဏ်ရာရရှိသွားတာက အမှန်ပါ။ ကျနော်တို့ဟာ ဟာရီကိန်း၊ မူစီယာလာ၊ ကင်မစ်ချ်တို့ မပါဝင်ဘဲ ကစားခဲ့ရတဲ့ အချိန်တွေရှိခဲ့သလို နူအာ မပါဝင်ဘဲ ကစားခဲ့ရဖူးပါတယ်။ ဒါကြောင့် သူမပါဝင်နိုင်လည်း ကျနော်တို့ထပ်ပြီးလုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းကို ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်ကို တက်နိုင်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက သူတို့ဟာ တစ်ကျော့ပဲ ကစားရသေးပြီး လာမယ့် လေဗာကူဆင်အသင်း အိမ်ကွင်းမှာ ဒီပွဲက ပုံစံအတိုင်း ကစားနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။
လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုကတော့ သူတို့ဟာ လွယ်လွယ်ကူကူနဲ့ အရှုံးမပေးဘဲ တိုက်ပွဲ ဝင်သွားမယ်လို့ ပြောခဲ့တာပါ။
မတ်လ ၁၂ ရက်မှာ ယှဉ်ပြိုင်မယ့် ဒုတိယအကျော့ ပွဲစဉ်မတိုင်ခင် ဘွန်ဒက်လီဂါပွဲစဉ်တွေအဖြစ် ဘိုင်ယန်မြူးနစ် အသင်းက ဘိုချန်၊ လေဗာကူဆင်အသင်းက ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN