CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၈

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြသနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘတ်ပီကို နည်းပြ ဒက်ချမ့်စ်က ကာကွယ်မှုပြုလုပ်ခဲ့ပါတယ်။

ဒက်ချမ့်စ်က “အခုအချိန်ထိ သူလုပ်ထားတဲ့ အရာတွေက လုံလောက်တဲ့ သမိုင်းကြောင်းကို ရေးသားပြီးသားလို့ ခင်ဗျားတို့ မထင်ကြဘူးလား။ သူဟာ ဒီထက်ပိုပြီး သမိုင်းမှတ်တမ်းတွေကို ရေးထိုးချင်နေတာပါ။ သူဟာ ပြင်ဆင်မှုတွေ ပြုလုပ်ချိန်အတွင်း နောက်ကျောမှာ ပြဿနာရှိနေပေမယ့် ဒီနေရာမှာ ရှိနေပါတယ်။ ဘတ်ပီဟာ ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင် သူပါဝင်တာဟာ ပြိုင်ဘက်တွေအတွက် အခက်အခဲ ဖြစ်စေတယ်ဆိုတာ ကျနော်သိတယ်”လို့ Telefoot ကို ပြောခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေတဲ့ ပြင်သစ်အသင်းအတွက် ဒီပြိုင်ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။ 

ဘတ်ပီဟာ ဒီသွင်းဂိုးကို ပိုလန်အသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ပင်နယ်တီကနေ သွင်းယူခဲ့တာပါ။ 

ပြင်သစ်အသင်းဟာ ဒီပြိုင်ပွဲမှာ လက်ရှိအချိန်ထိ သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်ပြီး ၁ ဂိုးက ဘတ်ပီရဲ့သွင်းဂိုးနဲ့ နောက် ၂ ဂိုးက ပြိုင်ဘက်အသင်းတွေရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကနေ ရရှိခဲ့တာဖြစ်ပါတယ်။

ဘတ်ပီနဲ့ဒက်ချမ့်စ်ကို တွေ့ရစဉ်

သြစတြီးယားအသင်းနဲ့ ကစားခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ နှာခေါင်းရိုးကျိုးပြီးနောက် ဘတ်ပီဟာ မျက်နှာဖုံးဝတ်ဆင် ပြီး ပွဲတွေကစားနေခဲ့တာမှာ အခက်အခဲတွေ ဖြစ်နေခဲ့တာပါ။

ပြင်သစ်အသင်းက ပေါ်တူဂီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်ရဲ့ အချိန်ပိုမှာ ဘတ်ပီဟာ ပင်ပန်းနေတာကြောင့် သူ့ကို လူစားလဲပေးဖို့ နည်းပြကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ပြင်သစ်အသင်းဟာ စပိန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘတ်ပီကို လူစားဝင် ကစားသမားအဖြစ် အသုံးပြုနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့တာပါ။

ဒါပေမယ့် ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီကို အရန်ခုံမှာထားဖို့ မစဉ်းစားဘဲ ပွဲထွက် ကစားသမား အဖြစ်သာ အသုံးပြုဖို့ ရှိနေပါတယ်။

ပြင်သစ်နဲ့ စပိန်အသင်းတို့ရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဇူလိုင် ၁၀ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။ 

Source: ESPN