CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉

နယူးကာဆယ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ 

ယူနိုက်တက်အသင်းအတွက် ပြီးခဲ့တဲ့ဒီဇင်ဘာက နောက်ဆုံးပွဲအဖြစ် ပါဝင်ကစားထားတဲ့ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီ ဒုတိယရာသီဝက်မှာ အက်စတွန်ဗီလာအသင်းထံ အငှားချခံခဲ့ရတာပါ။ 

အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းနဲ့ အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာ ဖြစ်ပေမယ့် နည်းပြအာမိုရင်ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတော့တာပါ။ 

တစ်ပတ်လုပ်ခပေါင် ၃၁၅,၀၀၀ နဲ့ ၂၀၂၈ ခုနှစ်အထိ ယူနိုက်တက်အသင်းနဲ့ စာချုပ်ရှိနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာ ဟာ အပြောင်းအရွှေ့တွေအတွက် အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။

ဒီအချိန်မှာ The Sun က နယူးကာဆယ်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို နွေရာသီမှာ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေတယ် လို့ ဖော်ပြထားတာပါ။ 

လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်အသင်းဟာ ရက်ရှ်ဖို့ဒ်ရဲ့ ကစားသမားဘဝကို အကောင်းဆုံးဖြစ်အောင် ပြန်လည်ပြုလုပ်ပေးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ် 

ရက်ရှ်ဖို့ဒ်ဟာ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေပြီး သူ့ရဲ့အေးဂျင့်ဟာ ဘာစီလိုနာအသင်း အားကစားဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့သေးတာပါ။ 

ဒါပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ ဈေးနှုန်း သတ်မှတ်ထားပြီး နွေရာသီမှာ အပြီးသတ် ရောင်းချဖို့ ဆန္ဒရှိနေပေမယ့် နယူးကာဆယ်အသင်းဟာ သူ့ကို အငှားနဲ့ခေါ်ယူချင်နေတာပါ။

ရက်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားချင်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြတူချယ်လ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းထဲမှာ ပါဝင်နိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

Source: Dailymail