CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီဘရိုင်းရဲ့ နေရာမှာ အစားထိုးဖို့အတွက် ချာကီကို ခေါ်ယူတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးဖို့ ခက်ခဲတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ကလပ်က ချာကီကို သူ့ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့ပါတယ်။ သူ့မှာ မယုံနိုင်စရာကောင်းတဲ့ အရည်အသွေးတွေရှိပြီး ကြီးကျယ်တဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒီပွဲကတော့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ပထမဆုံးပွဲဖြစ်ပြီး သူဒီကို လာတာ ကျနော် အလွန်ကျေနပ်ပါတယ်”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ လာမယ့်ရာသီမှာ အောင်မြင်မှု ရယူနိုင်ဖို့အတွက် နွေရာသီမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လိုင်ယွန်အသင်းက ချာကီ၊ အေစီမီလန်အသင်းက ရိန်းဒါးစ်၊ ဝုလ်ဗ်စ်အသင်းက အစ်နူရီနဲ့ ချယ်လ်ဆီးအသင်းက ဘီတင်နယ်လီတို့ကို ခေါ်ယူထားပါတယ်။
မန်စီးတီးအသင်းဟာ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်တဲ့ ချာကီကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ချာကီကို တွေ့ရစဉ်
ပြင်သစ်ကြယ်ပွင့် ချာကီဟာ မန်စီးတီးအသင်းက ဝီဒက်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား အုပ်စု အဖွင့်ပွဲစဉ်မှာ မန်စီးတီးအသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တာပါ။
ချာကီဟာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီးနောက် မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို အနိုင်ယူမယ်လို့ ကတိပြုခဲ့သလို ဘောလွန်းဒီအောကို ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဝီဒက်အသင်းနဲ့ ပွဲအပြီးမှာ ချာကီကို ခေါ်ယူတာဟာ သူ့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဖီဖာကလပ် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိထားတဲ့ မန်စီးတီးအသင်းဟာ အုပ်စုဒုတိယမြောက်ပွဲစဉ်အဖြစ် အယ်လ်အိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: goal