CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၆

လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အပြောင်းအလဲ အများအပြား ပြုလုပ်မယ့် ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်၊ ဟော့ဂျ်လန်းတို့ အပါအဝင် အိုနာနာ၊ အူဂါတေးနဲ ဇက်ခ်ဇီတို့ကို ရောင်းချဖို့ စီစဉ်ထားပါတယ်။ 

ယူနိုက်တက်အသင်းဟာ ရာသီကုန်ရင် ထွက်ခွာမယ့် ကတ်စီမီရိုရဲ့ နေရာမှာ အစားထိုးဖို့ ကွင်းလယ်လူ တစ်ဦး၊ တိုက်စစ်မှူး တစ်ဦးနဲ့ နောက်ခံလူ တစ်ဦးကို အားဖြည့်ဖို့ ရှိနေတာပါ။ 

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ကစားသမားတချို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေး ရှာဖွေဖို့ ရှိနေပါတယ်။ 

ဆန်ချို၊ မာလာစီယာနဲ့ ကတ်စီမီရိုတို့ဟာ အသင်းကနေ အလွတ်ထွက်ခွာမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်နဲ့ ဟော့ဂျ်လန်းတို့ကို အငှားချထားတဲ့ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့ထံ အပြီးသတ် ရောင်းချမှာပါ။

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာအသင်းထံ အပြီးသတ် မရောင်းချနိုင်ရင် တခြားအသင်းတွေထံ ရောင်းချသွားမှာဖြစ်ပြီး ဟော့ဂျ်လန်းကတော့ နာပိုလီအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရင် အပြောင်းအရွှေ့ဖြစ်ဖို့ ရှိနေပါတယ်။ 

 ဂိုးသမား အိုနာနာကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ထရက်ဇွန်စပေါ်အသင်းထံ အငှားချထားတဲ့ ဂိုးသမား အိုနာနာကို ရောင်းချမှာဖြစ်ပြီး ၂ နှစ် စာချုပ်ရှိနေတဲ့ ကင်မရွန်းဂိုးသမားကတော့ အသင်းမှာ သူ့ရဲ့နေရာကို ပြန်ရယူဖို့ တိုက်ပွဲဝင်ချင်နေပါတယ်။ 

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ အိုနာနာကို ရောင်းချနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပွဲကစားချိန် မိနစ်တွေရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ အူဂါတေးနဲ့ တိုက်စစ်မှူး ဇက်ခ်ဇီတို့ကိုလည်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားတာပါ။ 

နည်းပြ ကာရစ် လက်ထက်မှာ လူစားဝင်အဖြစ်သာ ပါဝင်နေရတဲ့ အူဂါတေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။ 

အမ်ဘူမို၊ ဆက်စ်ကိုတို့ရဲ့ အနောက်မှာသာ ယူနိုက်တက် အသင်းအတွက် ပါဝင်နေရတဲ့ ဇက်ခ်ဇီကို နွေရာသီမှာ ရောင်းချဖို့ စီစဉ်ထားပေမယ့် သူကတော့ အသင်းမှာ ဆက်ပြီးရှိချင်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဇက်ခ်ဇီအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုရလာခဲ့ရင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ 

Source: Metro