CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၆

မန်စီးတီးအသင်း လက်ထောက်နည်းပြ ပပ်လင်ဒါက အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားရဲ့ ကလပ်အသင်း မှာ ၉ နှစ်ကြာ ကစားခဲ့မှုဟာ နွေရာသီဆိုရင် အဆုံးသတ်မှာ ဖြစ်တယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။ 

ပပ်လင်ဒါက “ကစားသမားတစ်ဦးကို တူညီတဲ့ ကစားသမားတစ်ဦးနဲ့ ဘယ်တော့မှ အစားထိုးလို့ မရပါဘူး။ ဘာနာဒိုဆေးလ်ဗားက ထူးခြားတဲ့သူပါ။ ပွဲတွေမှာ သူမပါဝင်တဲ့အချိန် သူ့ကို ဘယ်လိုလွမ်းဆွတ် နေရမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်။ ဒါကို ရာသီတစ်ခုလုံး မြင်ယောင်ကြည့်လိုက်ပါ။ ဒါပေမယ့် ကောင်းတဲ့ ဇာတ်လမ်းတိုင်းဟာ အဆုံးသတ်ရှိပြီး သူဟာနောက်ဆုံးလတွေကို ပျော်ရွှင်စွာဖြတ်သန်းဖို့နဲ့ ကောင်းမွန်တဲ့ နှုတ်ဆက်မှုဖြစ်ဖို့ မျှော်လင့် ကြောင်း” ပြောခဲ့တာပါ။ 

အသက် ၃၁ နှစ်အရွယ်ရှိ ဘာနာဒိုဆေးလ်ဗားနဲ့ မန်စီးတီးအသင်းတို့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မရှိသေးတာ ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ အသင်းဟောင်း ဘင်ဖီကာအသင်းထံ ပြန်သွားနိုင်သလို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်း အပါအဝင် အသင်း အများအပြားရဲ့ ချိတ်ဆက်မှုတွေကို ခံနေရတာပါ။ 

ဘာနာဒိုဆေးလ်ဗားကို တွေ့ရစဉ်

၂၀၁၇ ခုနှစ်မှာ မိုနာကိုအသင်းကနေ ရောက်လာခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၄၅၀ ပါဝင် ကစားထားပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၈ ခုအထိ ရယူထားပါတယ်။ 

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ ဘာနာဒိုဆေးလ်ဗားကို နှစ်သက်တဲ့သူဖြစ်ပြီး မနှစ်က ရာသီကုန်မှာ ကွင်းလယ်လူ ဒီဘရိုင်း ထွက်ခွာသွားပြီးနောက် သူ့ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်း ကွင်းလယ်လူ အန်ဒါဆန်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် ပပ်လင်ဒါက အသင်း အကယ်ဒမီမှာရှိတဲ့ လူငယ် ကစားသမားတွေဟာ ကွင်းလယ် နေရာကို ဖြည့်တင်းနိုင်မယ့် အရည်အသွေးတွေ ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။ 

မန်စီးတီးအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: BBC