CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၆

FA ဖလား ကွာတားဖိုင်နယ်ပွဲတွေအပြီး ဆီမီးဖိုင်နယ်ပွဲအတွက် မဲခွဲမှုပြုလုပ်ခဲ့တာမှာ မန်စီးတီးအသင်းက ချန်ပီယံ ရှစ်ကလပ် ဆောက်သမ်တန်၊ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ပြိုင်ဘက် လိဒ်စ်အသင်းနဲ့ တွေ့ဆုံနေပါတယ်။ 

ဆောက်သမ်တန်အသင်းဟာ ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းကို အံ့အားသင့်ဖွယ် ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် လီဗာပူးလ်အသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်နိုင်ခဲ့ကာ FA ဖလားဗိုလ်လုပွဲကို ၄ ကြိမ်ဆက်တိုက် ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဗိုလ်လုပွဲ ၃ ကြိမ်မှာ ၁ ကြိမ်သာ ချန်ပီယံဖြစ်ခဲ့ပြီး ၂ ကြိမ်က အရေးနိမ့်ခဲ့ပါတယ်။ 

မန်စီးတီးနဲ့ လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်

ချယ်လ်ဆီးအသင်းကတော့ လိဂ်ဝမ်းကလပ် ပေါ့ဗေးလ်အသင်းကို ၇ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ခဲ့တာပါ။ 

FA ဖလားဟာ ဒီရာသီသူတို့အတွက် တစ်ခုတည်းသော ဆုဖလား မျှော်လင့်ချက်ဖြစ်လို့ ချယ်လ်ဆီးအသင်းဟာ ဒီဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

လိဒ်စ်အသင်းဟာ ကွာတားဖိုင်နယ်မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး ၂ သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့တဲ့အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာပါ။ 

လိဒ်စ်အသင်းဟာ ပယ်နယ်တီမှာ ဝက်စ်ဟမ်းအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး နှစ်ပေါင်း ၃၉ နှစ်အကြာမှ FA ဖလားဆီမီးဖိုင်နယ်ကို ပြန်ပြီးတက်နိုင်ခဲ့ပါတယ်။ 

FA ဖလားဆီမီးဖိုင်နယ်ပွဲတွေကို ဧပြီလ ၂၅ ရက်နဲ့ ၂၆ ရက်ကျရင် ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source: ESPN