CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၄

ဆန်းတို့စ်အသင်း တိုက်စစ်မှူး နေမာဟာ ဒိုင်လူကြီးနဲ့ အမျိုးသမီးတွေကို စော်ကားတဲ့ မှတ်ချက်ကြောင့် ကာလကြာရှည် ပွဲပယ်ခံရဖွယ်ရှိနေသလို ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှု အများအပြား ခံခဲ့ရပါတယ်။ 

နေမာဟာ ဆန်းတို့စ်အသင်းက ရီမိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲရဲ့ နောက်ဆုံး မိနစ်တွေမှာ အဝါကတ် ပြသခံခဲ့ရတာကြောင့် ဒိုင်လူကြီးအပေါ် သူ့ရဲ့ဒေါသတွေကို ဖော်ပြခဲ့တာပါ။

နေမာဟာ ဒီပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် လာမယ့် ဖလာမင်ဂိုအသင်းနဲ့ပွဲကို ပွဲပယ်ခံရပြီး ပါဝင်နိုင်တော့ မှာ မဟုတ်ပါဘူး။ 

နေမာက “ဘာပဲဖြစ်ဖြစ် ဒီဒိုင်လူကြီးလည်းပဲ ဓမ္မတာလာနေတဲ့ အချိန်မှာ အိပ်ယာကနေ နိုးလာပြီး အဲ့ဒီအခြေ အနေနဲ့ ပွဲကို ရောက်လာခဲ့တယ်လို့ ကျနော်ထင်ကြောင်း” ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့တာပါ။ 

နေမာရဲ့ ဒီမှတ်ချက်စကားဟာ ခွဲခြားဆက်ဆံတဲ့ စော်ကားမှုတစ်ခုအဖြစ် ယူဆနေကြပြီး လူအများအပြားက အမျိုးသမီး မုန်တီးရေးမှတ်ချက်အဖြစ် ဖော်ပြခဲ့ကြပါတယ်။ 

နေမာကို တွေ့ရစဉ်

ဗြိတိန်သတင်းစာ The Sun က နေမာဟာ ဒီမှတ်ချက်ကြောင့် ၁၂ ပွဲ ပယ်ခံရနိုင်တယ်လို့ ဖော်ပြထားတာပါ။ 

နေမာအနေနဲ့ ပွဲအများအပြား ပယ်ခံရမယ်ဆိုရင် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။  

နည်းပြအန်ဆယ်လော့တီ လက်ထက်မှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ချန်လှပ်ခြင်း ခံနေရတဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းမှာ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

ဒါပေမယ့် နေမာဟာ ကမ္ဘာ့ဖလား လူစာရင်းထဲ ပါဝင်ဖို့ မျှော်လင့်ချက် နည်းတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။ 

နေမာဟာ ဒီရာသီမှာ ဆန်းတို့စ်အသင်းအတွက် ၆ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားကာ အသင်းဟာ ဘရာဇီးလ် စီးရီးအေမှာ အဆင့် ၁၃ နေရာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: Goal