CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်ဟာ နံပါတ် ၁ နေရာအတွက် ဂိုးသမား အိုနာနာကို စိန်ခေါ်နိုင်ဖို့ ဂိုးသမား အသစ်တစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ Manchester Evening News က ဖော်ပြထားပါတယ်။
အိုနာနာဟာ ဒီရာသီမှာ တိုးတက်မှုရှိတဲ့ ပုံစံတွေ ပြသခဲ့ပေမယ့် ယူနိုက်တက်အသင်းအတွက် အဖိုးတန် ရမှတ်တွေ ဆုံးရှံးစေတဲ့ အမှားအယွင်းတွေ ပြုလုပ်နေဆဲဖြစ်တာပါ။
ကင်မရွန်း ဂိုးသမားဟာ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းနဲ့ပွဲစဉ်က သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ပြင်းပြင်းထန်ထန် ဝေဖန်မှုခံခဲ့ရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း လူစာရင်းထဲမှာ တူရကီဂိုးသမား ဘာယင်ဒါရှိနေပေမယ့် နည်းပြအာမိုရင်က သူဟာ အိုနာနာရဲ့ နံပါတ် ၁ နေရာကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့သူအဖြစ် သတ်မှတ်ထားခြင်းမရှိတာပါ။
ဘာယင်ဒါဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယူနိုက်တက် အသင်းရဲ့ ပွဲထွက်လူစာရင်း ပါဝင်ခွင့်ရခဲ့ပေမယ့် အမှားအယွင်း ၂ ခုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အိုနာနာကို တွေ့ရစဉ်
ဘာယင်ဒါဟာ ယူနိုက်တက်အသင်းကို ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့က ဖီနာဘာချီအသင်းကနေ ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ၄ ပွဲသာ ပါဝင်ကစားရသေးကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်း မရှိသေးပါဘူး။
ပေါ်တူဂီလူမျိုး နည်းပြ အာမိုရင်ရဲ့ အင်္ဂလန်ခရီးစဉ်အစဟာ အလွန်ခက်ခဲနေပြီး ယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ထဲ ကျရောက်နိုင်တဲ့ အန္တရာယ်မှာ ရှိနေတယ်လို့ ပြောထားပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အသင်း လူစာရင်းကို ပိုပြီးတောင့်တင်း စေဖို့အတွက် ဂိုးသမား အသစ်တစ်ဦးအပြင် ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတွေကို အားဖြည့်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ကစားသမားအသစ် မခေါ်ယူခင် အသင်းမှာရှိတဲ့ ကစားသမား အများအပြားကို ရောင်းချဖို့ လုပ်ဆောင်ရမှာပါ။
ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဂိုးသမား နေရာမှာ အိုနာနာကိုပဲ ဆက်ပြီး အသုံးပြုသွားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: Goal