CNI Sport News

၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁

လိုင်ယွန်နဲ့ ယူနိုက်တက်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂိုးသမား အိုနာနာဟာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြအာမိုရင်က သူ့ကို အလွန်ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ဒီလိုအရာတွေက ဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ ဘောလုံးကစားပြီး ပွဲတွေ အများကြီး ကစားရရင် အမှားတွေ လုပ်မိနိုင်ပါတယ်။ ဒီရာသီကို ကြည့်မယ်ဆိုရင် ဒီနောက်ဆုံးပွဲတွေနဲ့ ပြီးခဲ့တဲ့လက ပွဲတွေမှာ သူတို့ထက် ကျနော် အမှားတွေ ပိုလုပ်ခဲ့ပါတယ်။ အရာအားလုံးကို ပြောင်းလဲဖို့ နောက်ထပ် ပွဲတစ်ပွဲရှိသေးပြီး ဒါက ကျနော်တို့ ရဲ့ အာရုံစိုက်မှု ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကျနော် အိုနာနာကို အလွန်ယုံကြည်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။ 

အိုနာနာဟာ လိုင်ယွန်အသင်း သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို သူ့ရဲ့ အမှားအယွင်းတွေကြောင့် ပေးခဲ့ရတာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်း ပရိသတ်‌တွေဟာ ဒီရာသီမှာ အမှားအယွင်းတွေ အများအပြား ပြုလုပ်နေတဲ့ အိုနာနာကို ဝေဖန်မှုတွေ ပြုလုပ်နေပေမယ့် နည်းပြအာမိုရင်က သူ့ရဲ့ကစားသမားကို ကာကွယ်ခဲ့တာပါ။

 ဂိုးသမား အိုနာနာကိုတွေ့ရစဉ်

ဒီပွဲမတိုင်ခင်က လိုင်ယွန်အသင်းမှာ ကစားနေတဲ့ ယူနိုက်တက်အသင်း ကစားသမားဟောင်း မာတစ်က အိုနာနာ ကို ယူနိုက်တက်အသင်း သမိုင်းမှာ အဆိုးရွားဆုံး ဂိုးသမားတွေထဲက တစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်း ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်ကလည်း လိုင်ယွန်အသင်းကို ပေးခဲ့ရတဲ့ သွင်းဂိုးတွေ အတွက် အိုနာနာကို ပြစ်တင်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

အိုနာနာဟာ ဝေဖန်ပြစ်တင်မှုတွေ ခံနေရပေမယ့် လာမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲတွေမှာ အသင်းရဲ့ ပွဲထွက် လူစာရင်းထဲ ဆက်ပြီး ပါဝင်ဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီမှာ အိုနာနာရဲ့ နေရာအစားထိုးဖို့ ဂိုးသမားသစ်တွေ ရှာဖွေမှု ပြုလုပ်နေပါတယ်။ 

ယူနိုက်တက်နဲ့ လိုင်ယွန်အသင်းတို့ရဲ့ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ဧပြီ ၁၈ ရက်မှာ ယှဉ်ပြိုင်သွားမှာပါ။ 

နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN