CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ အသင်းအတွက် ပြန်ပြီး ကစားပေးနိုင်မလားဆိုတာ မသေချာဘူးလို့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ 

အာမိုရင်က “ရက်ရှ်ဖို့ဒ်က ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲ ကစားပြီးပြီလား ဆိုတာတော့ ကျနော် မသိပါဘူး။ သူက ယူနိုက်တက်အသင်းရဲ့ ကစားသမား ဖြစ်တဲ့အတွက် ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်။ သူ အလုပ်လုပ်ရမှာပါ။ သူဟာ ဒီကလပ်ကို ကိုယ်စားပြုပြီး၊ ဒီကလပ်ကို ချစ်ပေမယ့် ကျနော်က ရွေးချယ်မှုတွေ လုပ်ရမှာပါ။ ကျနော်ရွေးချယ်မှုတွေ လုပ်တဲ့ပုံ အကြောင်းကိုလည်း ပြောပြီးပါပြီ။ အဲဒါကြောင့် ဆက်ပြီးကြည့် ကြတာပေါ့”လို့ ပြောခဲ့တာပါ။ 

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်မှာလည်း လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ် အသင်းနဲ့ပွဲစဉ် အပါအဝင် ယူနိုက်တက်အသင်း နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲစလုံး ပါဝင် ကစားခဲ့ရခြင်း မရှိပါဘူး။ 

အသက် ၂၇ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ စိန်ခေါ်မှု အသစ်အတွက် အဆင်သင့် ဖြစ်နေပြီလို့ပြောပြီး ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ အရိပ်အမြွက် ပြောထားတာ ဖြစ်ပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ ရက်သတ္တပတ်ထဲမှာ ရက်ရှ်ဖို့ဒ်ရဲ့ အစ်ကိုနဲ့ အေးဂျင့်ဖြစ်သူဟာ အပြောင်းအရွှေ့အတွက် အေစီမီလန် အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ 

ရက်ရှ်ဖို့ဒ်ကို အခု ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဘာစီလိုနာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်နဲ့ နာပိုလီအသင်း တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းကနေ အငှားနဲ့ ထွက်ခွာဖို့က ဖြစ်နိုင်ခြေများနေပြီး ရာသီကုန်ချိန်မှသာ အပြီးသတ် ပြောင်းရွှေ့ရဖွယ်ရှိနေတာပါ။ 

ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၄ ပွဲ ပါဝင်ကစားထားပြီး ၇ ဂိုးသွင်းယူကာ ပယ်လ်ဇန် အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။ 

Source: Metro