CNI Sport News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၇

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က အငှားကစားနေတဲ့ ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမှာဖြစ်ပြီး အငှားကစားချိန်မှာ ပြသနေတဲ့ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်တယ်လို့ ပြောခဲ့ပါတယ်။

အာမိုရင်က “ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီ အပါအဝင် အငှားကစားနေတဲ့ ကစားသမားတွေအားလုံး အသင်းထံ ပြန်လာ မှာပါ။ ရာသီကုန်မှသာ သူတို့ရဲ့အနာဂတ်ကို ကလပ်အသင်းက ဆုံးဖြတ်ချက် ချပါလိမ့်မယ်။ ကစားသမားတွေကို အငှားချတာဟာ သူတို့ရဲ့စွမ်းဆောင်ရည်ကို ပိုပြီးကောင်းစေချင်လိုပါ။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ အငှားချထားတဲ့ ကစားသမားတွေဟာ အရည်အချင်းရှိပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်ကို ကျေနပ်ပြီး ဒါက ကျနော်တို့အတွက် လည်း ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။

ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့က အက်စတွန်ဗီလာနဲ့ ဘက်တစ်အသင်းတွေထံ အငှားသွားရောက်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။ 

အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအသင်းအတွက် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထား သလို အန်တိုနီက ဘက်တစ်အသင်းအတွက် ၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်ကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ပေါင်သန်း ၄၀ နဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ရှိနေပါတယ်။ 

အက်စတွန်ဗီလာအသင်းမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ အသင်းအချို့က စောင့်ကြည့်မှု တွေ ပြုလုပ်နေကြတာပါ။ 

ဘက်တစ်အသင်းဟာ အန်တိုနီကို နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တာကို ယူနိုက်တက်အသင်းက ပယ်ချခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို အပြီးသတ် ရောင်းချဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် နည်းပြအာမိုရင်က သူတို့ဟာ နွေရာသီမှာ အသင်းထံ ပြန်လာမယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဧပြီ ၂၇ ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal