CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၈

နွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ဘရာဇီးလ်တောင်ပံ ကစားသမား အန်တိုနီဟာ သူ့အတွက် သားတစ်ဦးလိုပဲလို့ လေဗာကူဆင်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “အန်တိုနီဆီမှာ အရည်အသွေးကောင်းတွေ အများကြီးရှိပါတယ်။ ကျနော်သူ့ကို နှစ်ကြိမ် လက်မှတ်ထိုး ခေါ်ယူခဲ့ပါတယ်။ သူဟာ ကျနော့်အတွက် သားတစ်ဦးလိုဖြစ်သလို အခုထိလည်း သားတစ်ဦးလို ဖြစ်နေဆဲပါပဲ။ အခုအချိန်မှာတော့ သူ့ကို ခေါ်ယူဖို့ ကျနော်တို့ စိတ်မဝင်စားပါဘူး။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ Bild နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ဟာ အေဂျက်စ်အသင်းမှာ သူနဲ့အတူ လက်တွဲခဲ့တဲ့ အန်တိုနီကို ယူနိုက်တက် အသင်းကို သူကိုင်တွယ်ချိန်မှာ ပေါင် ၈၆ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုတွေလည်း အများအပြား ခံခဲ့ရကာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘက်တစ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

ဘက်တစ်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အန်တိုနီဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းကနေ အပြီးသတ် ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

အန်တိုနီနဲ့ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

အန်တိုနီကို ဘက်တစ်အသင်းက ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေသလို အဲရစ်တန်ဟတ် ကိုင်တွယ်နေတဲ့ လေဗာ ကူဆင်၊ လိုက်ပ်ဇစ်၊ ဘရိုက်တန်နဲ့ နယူးကာဆယ်အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ 

အဲရစ်တန်ဟတ်ကလည်း လေဗာကူဆင်အသင်းမှာ အန်တိုနီနဲ့ ပြန်လည်လက်တွဲဖို့ လမ်းဖွင့်ခဲ့ပေမယ့် အခုအချိန် မှာ ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ အစောပိုင်းက အန်တိုနီကို ပေါင်သန်း ၂၀ ကနေ ပေါင်သန်း ၃၀ ကြားရရင် ထွက်ခွာ ခွင့်ပေးဖို့ စဉ်းစားခဲ့ပေမယ့် အခုအချိန်မှာ ပေါင်သန်း ၅၀ နီးပါးအထိ လိုချင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အန်တိုနီ အပါအဝင် ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂါနာချိုနဲ့ မာလာစီယာတို့ကို အသင်းကြီး ကစားသမားတွေ လေ့ကျင့်မှု ပြုလုပ်အပြီး ထွက်ခွာချိန်မှာ လေ့ကျင့်မှုတွေလာပြီး ပြုလုပ်ခွင့်ပေးထားတာ ဖြစ်ပါတယ်။

Source: Goal