CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၄

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က တောင်ပံကစားသမား အန်တိုနီဟာ ကွင်းပြင်ပပြဿနာတွေရဲ့ သက်ရောက်မှုတွေကြောင့် ဒီရာသီမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “သူ့ရဲ့ ကွင်းပြင်ပ ပြဿနာတွေက သူ့ကို ကစားတာကနေ ရပ်တန့်လိုက်တယ်လို့ ကျနော်ထင် ပါတယ်။ ဒါတွေက သူ့အပေါ်မှာ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါကို သူကိုင်တွယ်ရမှာပါ။ ပထမ ရာသီတုန်းက သူဟာ အဆင်ပြေခဲ့သလို ရာသီကြိုမှာလည်း အဆင်ပြေခဲ့ပါတယ်။ ပြီးတော့ ဒီရာသီရဲ့ ပထမပွဲ ၄ ပွဲ စလုံးမှာလည်း သူကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် သူအသင်းကနေ ထွက်ခွာသွားပြီးနောက် ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ဆီကနေ မျှော်လင့်ထားတဲ့ အရာတွေ မရတော့ပါဘူး။ သူဟာ အများကြီး ပိုကောင်းအောင် လုပ်နိုင်ပါ တယ်”လို့ ပြောပါတယ်။

အန်တိုနီဟာ အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုပြီး အမျိုးသမီး ၃ ဦးက စွပ်စွဲမှု ပြုလုပ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ပွဲအချို့ကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အန်တိုနီဟာ ဖမ်းဆီးခြင်း မခံခဲ့ရဘဲ စွပ်စွဲချက်တွေကို ငြင်းဆန်ကာ ယူနိုက်တက်အသင်းနဲ့ ပြန်လည် လာရောက် ပူးပေါင်းခဲ့တာပါ။

အသက် ၂၃ နှစ်အရွယ်ရှိ အန်တိုနီဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ၂၁ ပွဲ ပါဝင်ကစားထားအပြီးမှာ သွင်းဂိုးရော၊ ဖန်တီးမှုရော ပြုလုပ်နိုင်ခဲ့ခြင်းမရှိလို့ ဝေဖန်မှုတွေခံနေရတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာက အေဂျက်ဇ်အသင်းကနေ ပေါင် ၈၂ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းအတွက် ၆၅ ပွဲ ပါဝင်ကစားထားပြီး ၈ ဂိုးသွင်းယူထားတာပါ။

အန်တိုနီဟာ အေဂျက်ဇ်အသင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်အသင်းက အများကြီး မျှော်လင့်ခဲ့ပေမယ့် လက်ရှိခြေစွမ်းတွေကြောင့် သူ့ကိုပြန်ပြီး ရောင်းချဖို့တောင် တောင်းဆိုမှုတွေ ခံနေရတာ ဖြစ်ပါတယ်။

နည်းပြ အဲရစ်တန်ဟတ်ကတော့ အန်တိုနီဆီကနေ အကောင်းဆုံးပုံစံတွေ ပြန်မြင်ရမယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ ၁၄ ရက်မှာ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပါးအသင်း အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ကာ အနိုင်ရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: BBC