CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅

စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းတို့ ကစားခဲ့တာမှာ ရီးရယ်လ်အသင်းက ၄ ဂိုး-၁ ဂိုး နဲ့ ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ဗီနီစီးယက်စ်က ဟက်ထရစ် သွင်းယူခဲ့တာဖြစ်ပြီး ရိုဒရီဂိုက ၁ ဂိုး သွင်းယူ ခဲ့ကာ ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို လီဝန်ဒေါစကီးက သွင်းယူခဲ့ပါတယ်။

ဒီပွဲမှာ ရီးရယ်လ်အသင်း တောင်ပံကစားသမား ဗီနီစီးယက်စ်ဟာ ခြေစွမ်းပြသနိုင်ခဲ့ပြီး ပထမပိုင်းမှာကတည်းက ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရီးရယ်လ်အသင်းအတွက်တော့ စပိန်စူပါဖလား ချန်ပီယံဆုကို ၁၃ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆု အများဆုံးရယူထားတဲ့ ဘာစီလိုနာအသင်းနဲ့ ၁ ကြိမ်သာ ကွာဟတော့တာပါ။

ဗီနီစီးယက်စ်ဟာ ဘာစီလိုနာအသင်းဘက်ကို အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် ရီးရယ်လ်ကစားသမားဟောင်း ရော်နယ်ဒိုရဲ့ နာမည်ကျော်အောင်ပွဲခံဟန် 'SIU' ပုံစံ အောင်ပွဲခံသွားခဲ့တာ ဖြစ်ပါတယ်။ 

ဗီနီစီးယက်စ် 'SIU' ပုံစံ အောင်ပွဲခံနေစဉ်

ဘရာဇီးလ် ကစားသမားကတော့ ဒီအောင်ပွဲခံမှုက သူ့ရဲ့အိုင်ဒေါဖြစ်တဲ့ ရော်နယ်ဒိုအတွက် ရည်ရွယ်ပြီး ပြုလုပ်ခဲ့ တာလို့ ပွဲအပြီး အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။

ဗီနီစီးယက်စ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၆ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းယူထားပါတယ်။

ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာ ရီးရယ်လ်အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် အသင်းအားပေးတဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဇာဗီက “ကျနော်စိတ်ပျက်ပြီး ဝမ်းနည်းမိပါတယ်။ ဒီပွဲမှာ ကျနော်တို့ဟာ အဆိုးရွားဆုံး စွမ်းဆောင်ရည်တွေကိုသာ ပြသနိုင်ခဲ့ပြီး ရှက်ဖို့ကောင်းခဲ့ပါတယ်။ ကျနော်တို့ဟာ ဆိုးရွားစွာ စတင်ခဲ့ပြီး ပြန်လာနိုင်ဖို့အတွက် အခွင့်အရေး တွေလည်း ရခဲ့ပေမယ့် ပင်နယ်တီကပွဲကို ပြီးဆုံးသွားစေခဲ့ပါတယ်။ ကျနော်တို့ ပရိသတ်တွေကို တောင်းပန်ပြီး ရလဒ်ဆိုးကနေ ပြန်လာနိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ကြားရက်ထဲမှာ စပိန်ကိုပါဒယ်ရေး ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် အသလက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘာစီလိုနာအသင်းက အူနယွန်းနီစတက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC