CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄

ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီက ယူနိုက်တက်အသင်းကနေ ဘက်တစ်အသင်းထံ ပြောင်းရွှေ့မှုကို အပြီးမသတ်မီ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ကျ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

အန်တိုနီက “ကျနော် ဘိုင်ယန်မြူးနစ်နဲ့ စကားပြောခဲ့ပေမယ့် ကျနော်နဲ့ ဘက်တစ်အသင်းရဲ့ အပြောင်းအရွှေ့ဟာ ၉၅ ရာခိုင်နှုန်း ပြီးမြောက်သွားပြီလို့ သူတို့ကို ပြောခဲ့ပါတယ်။ ကျနော်ဟာ ကျနော့်စကားကို လေးစားမှာပါ။ ကျနော်ဟာ ဘက်တစ်အသင်းမှာ ပျော်ရွှင်တာကြောင့် စိတ်အေးလက်အေးနဲ့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ခံစားရပါ တယ်။ အသင်း ၅ သင်းထက်ပိုပြီး ကျနော့်ကို ခေါ်ယူဖို့ကြိုးပမ်းခဲ့ပေမယ့် ကျနော့်ရဲ့ ပထမဆုံးရွေးချယ်မှုက ဘက်တစ်အသင်းဆိုတာ အမြဲတမ်းပြောခဲ့ပါတယ်”လို့ Cadena Cope ကို ပြောခဲ့တာပါ။ 

အန်တိုနီဟာ ဘက်တစ်အသင်းထံ ပြောင်းရွှေ့ခွင့်ရဖို့ အပြောင်းအရွှေ့ နောက်ဆုံးနေ့အထိ စောင့်ဆိုင်းခဲ့ရပြီး ဘက်တစ်အသင်းဟာ သူ့ကို ယူနိုက်တက်အသင်းကနေ ပေါင် ၂၁.၆၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အန်တိုနီကို တွေ့ရစဉ်

ယူနိုက်တက်အသင်းမှာ ရုန်းကန်ခဲ့ရတဲ့ အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယရာသီဝက်မှာ ဘက်တစ်အသင်းထံ အငှားသွားရောက် ကစားခဲ့ပြီး သူ့ရဲ့ခြေစွမ်းတွေကို ပြန်ရှာဖွေနိုင်ခဲ့တာပါ။ 

အဲဒါကြောင့်လည်း အန်တိုနီဟာ ဘိုင်ယန်မြူးနစ်အသင်း အပါအဝင် အသင်းအချို့ရဲ့ ကမ်းလှမ်းမှုတွေ ရရှိခဲ့တာ တောင် ဘက်တစ်အသင်းထံ ပြောင်းဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီဟာ နွေရာသီက ယူနိုက်တက်အသင်းထံ ပြန်ရောက်လာခဲ့ပေမယ့် အသင်းနဲ့အဝေးမှာ သီးခြားလေ့ကျင့်မှု ပြုလုပ်ခဲ့ရပြီး သူ့အတွက် အလွန်ခက်ခဲခဲ့တယ်လို့ ပြောထားပါတယ်။ 

အန်တိုနီဟာ ဘက်တစ်အသင်းနဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့ပြီး မနှစ်က ပြသခဲ့တဲ့ ခြေစွမ်းမျိုး ပြန်ပြီးပြသနိုင် ဖို့ မျှော်လင့်နေတာပါ။ 

အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီက ဘက်တစ်အသင်းအတွက် ကစားခဲ့တဲ့ ၂၆ ပွဲမှာ ၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းကို ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အန်တိုနီဟာ ဘက်တစ်အသင်းမှာ အငှားကစားခဲ့ချိန်က ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရတာကြောင့် ဘရာဇီးလ်အသင်း လူစာရင်းထဲ ပြန်ပါဝင်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရနိုင်ဖို့လည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ 

Source: Metro