CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁
ဘက်တစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက အငှားကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အန်တိုနီရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ ထပ်မံဆွေးနွေးမှုပြုလုပ်ဖို့ ဆန္ဒရှိနေပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီကို ပေါင် ၃၅ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ အပါအဝင် နောက်ထပ် အငှားစာချုပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတာပါ။
၂၀၂၂ ခုနှစ်က အေဂျက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပါဝင်ကစားခဲ့တဲ့ ၉၆ ပွဲမှာ ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အန်တိုနီဟာ ဘက်တစ်အသင်းအတွက် ကစားခဲ့တဲ့ ၂၆ ပွဲမှာ ၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။
အန်တိုနီဟာ ဘက်တစ်အသင်းကို ကွန်းဖရန်လိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင်လည်း ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသင်း ဟာ ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
အန်တိုနီကို တွေ့ရစဉ်
အန်တိုနီဟာ ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအပြီးမှာ သူ့ရဲ့ပျော်ရွှင်မှုတွေကို ပြန်လည် ရှာဖွေတွေ့ရှိအောင် ကူညီပေးခဲ့တဲ့ ဘက်တစ်အသင်းကို ကျေးဇူးတင်တယ်လို့ နှုတ်ဆက်မှု ပြုလုပ်ခဲ့တာပါ။
ဒါအပြင် အန်တိုနီက သူဟာ ဘက်တစ်အသင်းမှာ အလွန်ပျော်ရွှင်နေပေမယ့် ယူနိုက်တက်အသင်းနဲ့ စာချုပ် ရှိတယ်လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ အန်တိုနီကို နွေရာသီမှာ အပြီးသတ် ရောင်းချချင်နေတာကြောင့် ဘက်တစ်အသင်းရဲ့ အငှားကမ်းလှမ်းမှုကို လက်ခံဖို့မရှိတာပါ။
ဒါပေမယ့် ဘက်တစ်အသင်းဟာ အန်တိုနီကို အပြီးသတ် ဝယ်ယူမှု ပါဝင်တဲ့ အငှားကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဒီအပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်းနဲ့ နောက်ထပ် ဆွေးနွေးမှုတွေထပ်ပြီး ပြုလုပ်ချင်နေပါတယ်။
အန်တိုနီကို ခေါ်ယူဖို့ ကလပ်အသင်းအချို့ကလည်း စိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အသင်းဟာ ရာသီကြို လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ကစားသမားအသင်းနဲ့ ပြန်ပူးပေါင်းပြီးချိန်မှာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
Source: Dailymail