CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁
ယူနိုက်တက်နဲ့ မန်စီးတီးအသင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာက သူ့ရဲ့ဦးစားပေးဟာ PSG အသင်းမှာ ဆက်နေဖို့ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဒွန်နာရမ်မာက “ကျနော့်ရဲ့ ဦးစားပေးက PSG မှာ ဆက်နေပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ပါ။ ဆွေးနွေးညှိနှိုင်းမှုတွေ မှာ ပြဿနာရှိမယ်လို့ ကျနော် မထင်ပါဘူး။ စာချုပ်သက်တမ်း တိုးဖွယ် ရှိ/မရှိကို ကလပ်အသင်းက ဆုံးဖြတ်ရမှာ ပါ။ ကျနော်ဟာ ဘယ်အရာကိုမဆို အဆင်သင့်ဖြစ်နေပြီး ပထမရွေးချယ်မှုက PSG ပါ။ ပရိသတ်တွေနဲ့ အသင်းက ကျနော့်ကို ဂရုစိုက်ပြီး ဒီမှာနှစ်ပေါင်းများစွာ ဆက်နေဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျနော်ဟာ ဘယ်အရာကိုမှ တံခါးမပိတ်ထားပါဘူး”လို့ ပြောခဲ့တာပါ။
မန်ချက်စတာ ကလပ်အသင်း နှစ်သင်းဟာ PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေသေးတဲ့ ဒွန်နာရမ်မာကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
PSG နဲ့ ဒွန်နာရမ်မာတို့ရဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာဖြစ်ပြီး ပြင်သစ်ကလပ်ဟာ သူ့ကို စာချုပ် သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေတာပါ။
ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့ရာသီက PSG အသင်းကို ချန်ပီယံလိဂ်နဲ့ ပြင်သစ်လီဂူး-၁ ဖလား အပါအဝင် ဆုဖလား ၄ ခု ရရှိအောင် လက်စွမ်းပြသနိုင်ခဲ့ပါတယ်။
ဒွန်နာရမ်မာကို တွေ့ရစဉ်
ယူနိုက်တက်အသင်းဟာ ဂိုးသမားအိုနာနာရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေကြောင့် နည်းပြအာမိုရင်ဟာ သူ့ရဲ့ နေရာမှာ အစားထိုးဖို့ ဒွန်နာရမ်မာ အပါအဝင် ဂိုးသမားအချို့ကို ပစ်မှတ်ထားနေတာပါ။
မန်စီးတီးအသင်းကလည်း ဂိုးသမား အီဒါဆန်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့အတွက် ဒွန်နာရမ်မာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒွန်နာရမ်မာဟာ PSG အသင်းမှာ ဆက်နေဖို့က ဦးစားပေးလို့ အတည်ပြုခဲ့တာပါ။
၂၀၂၁ ခုနှစ်က အေစီမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ ဒွန်နာရမ်မာဟာ PSG အသင်း အတွက် ၁၅၄ ပွဲ ပါဝင်ကစားထားပြီး ဆုဖလား ၁၀ ခု ရရှိထားတာဖြစ်ပါတယ်။
Source: Metro