CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၅

အာဖရိကဘောလုံးအဖွဲ့ချုပ်(CAF)က ၂၀၂၄ အာဖရိက တစ်နှစ်တာ အကောင်းဆုံးအမျိုးသား ကစားသမားဆု အတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာကြားထဲမှာ စွမ်းဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဒီဆုကို ချီးမြှင့်သွားမှာပါ။

ဘရိုက်တန်အသင်းက အဒင်ဂရာဟာ ဒီဆန်ခါတင် စာရင်းထဲမှာ ပါဝင်တဲ့ တစ်ဦးတည်းသော ပရီးမီးယားလိဂ် ကစားသမား ဖြစ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွက် ဆန်ခါတင်စာရင်းထဲမှာ ပရီးမီးယားလိဂ် နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဆာလက်၊ ကူဒက်စ်နဲ့ ဂျက်ဆန်တို့ ချန်လှပ်ခြင်းခံခဲ့ရတာပါ။ 

ဆာလက် မပါဝင်ခဲ့တာကြောင့် ဒီဆန်ခါတင် စာရင်း ရွေးချယ်မှုအပေါ် ပရိသတ်တွေက မေးခွန်းထုတ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ရီးရယ်လ်အသင်းက ဘရာဟင်ဒီယက်ဇ်နဲ့ လေဗာကူဆင်အသင်းက ဘိုနီဖေ့စ်တို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

အာဖရိကကစားသမား တစ်ဦးကို တွေ့ရစဉ်

ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲမှာ ဒုတိယရခဲ့တဲ့ ပီအက်စ်ဂျီအသင်း နောက်ခံလူ ဟာကီမီဟာ ဒီနှစ်အတွက် ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ 

ဆန်ခါတင် စာရင်းထဲမှာ ပါဝင်တဲ့ နောက်ထပ် ကစားသမားတွေကတော့ ရီးနက်စ်အသင်းက ဂိုယူရီ၊ လေဗာကူ ဆင် အသင်းက တက်ဘ်ဆိုဘာ၊ မာဆေးလ်အသင်းက အမ်ဘမ်ဘာ၊ ဒေါ့မွန်အသင်းက ဂူယာဆေး၊ အယ်လ်အိန်း အသင်းက ရာဟီမီ၊ အတ္တလန်တာအသင်းက လွတ်ခ်မန်း၊ အယ်လ်ခိုလွတ်အသင်းက ဝီလီယံအီကောင်နဲ့ တောင်အာဖရိကက ရွန်ဝမ်တို့ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အာဖရိကတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို အိုဆင်ဟမ်က ရရှိခဲ့ပြီး ဒီနှစ်မှာ လွတ်ခ်မန်း က ရရှိဖို့ ရေပန်းစားနေတာပါ။

၂၀၂၄ ခုနှစ်အတွက် ဆုပေးပွဲကို ဒီဇင်ဘာ ၁၆ ရက် မော်ရိုကိုနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

Source: besoccer