CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၃
ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား အန်တိုနီကို နွေရာသီမှာ အပြီးသတ် ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ နဲ့ သန်း ၅၀ ကြား သတ်မှတ်ထားပါတယ်။
ယူနိုက်တက်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ အန်တိုနီဟာ အငှားကစားနေတဲ့ ဘက်တစ်အသင်းမှာ အကောင်းဆုံးပုံစံတွေ ပြသနေတာပါ။
အန်တိုနီဟာ ဘက်တစ်အသင်းအတွက် ကစားထားတဲ့ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြမ် ပြုလုပ်ထားတာကြောင့် သူ့ကိုခေါ်ယူဖို့ အသင်းကြီးအချို့က စောင့်ကြည့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းဟာ အန်တိုနီကို နောက်ထပ် တစ်ရာသီ အငှားစာချုပ်သက်တမ်းတိုးဖို့ စိတ်ဝင်စားနေသလို အသလက်တီကိုအသင်းက သူ့ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းဖွယ်ရှိနေတာပါ။
အန်တိုနီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်ဟာ ၂ နှစ် ကျန်ရှိနေသေးပြီး ကလပ်မှာ သူ့ရဲ့အနာဂတ် ဆက်ရှိဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အန်တိုနီကို ၂၀၂၂ ခုနှစ်က အေဂျက်ဇ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ပေါင် ၈၆ သန်းထဲက ပြောင်းရွှေ့ကြေးအချို့ကို ပြန်ရယူနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ရောင်းချဖို့ စီစဉ်နေတာပါ။
ဘက်တစ်အသင်းဟာ မေလ ၁၈ ရက်မှာ အသလက်တီကိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး အန်တိုနီ အနေနဲ့ နည်းပြဆီမြွန်နီကို အထင်ကြီးစေနိုင်မယ့် စွမ်းဆောင်ရည်ပြသဖို့ အခွင့်အရေးရှိနေပါတယ်။
အန်တိုနီကို တွေ့ရစဉ်
အန်တိုနီဟာ ဘက်တစ်အသင်းက ဖီအိုရင်တီးနားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းအတွက်လှပတဲ့ သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ဘက်တစ်အသင်းအနေနဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ရင် ဗိုလ်လုပွဲ တက်နိုင်မှာဖြစ်ပြီး အန်တိုနီ အတွက်လည်း ဘက်တစ်အသင်း အငှားကစားသမားဘဝမှာ ဆုဖလားရယူပြီး အဆုံးသတ်ဖို့ အခွင့်အရေး ရှိနေပါတယ်။
ဘက်တစ်အသင်းဟာ လာလီဂါပြိုင်ပွဲကနေ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်မယ့် အခွင့်အရေးတွေလည်း ရှိနေတာ ကြောင့် လာမယ့် အက်စ်ပန်ညိုအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
Source: Dailymail