၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄

CNI Sport News

တူရကီကလပ် ထရက်ဇွန်စပေါ်အသင်းရဲ့စိတ်ဝင်စားမှုကြောင့် ကင်မရွန်းဂိုးသမား အိုနာနာဟာ ဒီလထဲမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။ 

တူရကီသတင်းတွေမှာ ထရက်ဇွန်စပေါ်အသင်းဟာ အိုနာနာကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ ဖော်ပြထားတာပါ။ 

တူရကီအပြောင်းအရွှေ့ဈေးကွက်ဟာ စက်တင်ဘာ ၁၂ ရက်အထိ ဖွင့်ထားတာကြောင့် အပြောင်းအရွှေ့တွေပြုလုပ်ဖို့ အချိန်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ 

ထရက်ဇွန်စပေါ်အသင်းဟာ ဂိုးသမားဖြစ်သူ ကာခါကို ဂါလာတာစာရေးအသင်းထံ ယူရို ၃၆ သန်းနဲ့ ရောင်းချခဲ့ပြီးနောက် အိုနာနာကို ခေါ်ယူဖို့ ပစ်မှတ်ထား လာခဲ့တာပါ။ 

အိုနာနာဟာ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရခြင်းမရှိသေးဘဲ လိဂ်တူးကလပ်ဂရင်စဘီအသင်းကို ပင်နယ်တီနဲ့ အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလားဒုတိယအဆင့် ပွဲစဉ် တစ်ပွဲသာ ပါဝင်ကစားထားရသေးတာဖြစ်ပါတယ်။ 

အိုနာနာဟာ ယူနိုက်တက်အသင်းရဲ့ပွဲထွက်ဂိုးသမားနေရာကို ပြန်လည်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပေမယ့် မန်ချက်စတာကလပ်ဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အန့်ဝါတ် အသင်းဂိုးသမား လမ်းမန်းစ်ကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ 

အဲဒါကြောင့် ယူနိုက်တက်အသင်းမှာ အိုနာနာ ရဲ့အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့ပါတယ်။ 

အိုနာနာအနေနဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး သူ့ရဲ့နောက်ထပ်အခန်းကဏ္ဍတစ်ခုကို စတင်ချင် တယ်ဆိုရင် ရွေးချယ်မှုပြုလုပ်ဖို့ ရက်အနည်းငယ်သာ ကျန်ရှိတော့တာပါ။ 

ဒါကြောင့် အိုနာနာဟာ တူရကီ ထံပြောင်းရွှေ့ဖို့ကို စဉ်းစားပြီး ဆုံးဖြတ်နိုင်တာဖြစ်ပါတယ်။ 

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိကြောင်း အရင်က ပြောထားပေမယ့် အခုအချိန်မှာ အခြေအနေ တွေဟာ ပြောင်းလဲသွားဖွယ်ရှိနေတာပါ။ 

၂၀၂၃ ခုနှစ်က အင်တာမီလန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ အိုနာနာနဲ့ ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ ၂၀၂၈ ခုနှစ်ရာသီကုန်အထိ သက်တမ်းရှိနေတာဖြစ်ပါတယ်။ 

Source:Goal