CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၄

ယူနိုက်တက်အသင်းဟာ အင်တာမီလန် အသင်းဂိုးသမား အိုနာနာကို ယူရို ၅၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေ အများအပြားက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ အိုနာနာကို ယူရိုသန်း ၅၀ ၊ ထပ်တိုးပေးချေမှု ယူရို ၅ သန်းနဲ့ အပြောင်းအရွှေ့ အပြီးသတ် တော့မယ်လို့ ဖာဘရီဇီယိုရိုမန်နိုက ရေးသားထားပါတယ်။

မန်ချက်စတာကလပ်ဟာ အိုနာနာအတွက် ဇူလိုင် ၁၃ ရက်က အင်တာမီလန်အသင်း လက်ခံနိုင်မယ့် နောက်ဆုံး ကမ်းလှမ်းမှုကို နှုတ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကလပ် ၂ သင်းဟာ ငွေပေးချေမှု ပုံစံအတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းမှာ ကာလကြာရှည်ရှိခဲ့တဲ့ ဂိုးသမား ဒီဂီယာ အသင်းက ထွက်ခွာသွားပြီးနောက် ဂိုးသမားသစ် ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ 

အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီး ကစားသမားသစ်အဖြစ် ကြေညာနိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ အိုနာနာဟာ မကြာသေးခင် လပိုင်းအတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲ က တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

အိုနာနာနဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကို တွေ့ရစဉ်

ကင်မရွန်း ဂိုးသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီကမှ အင်တာမီလန်အသင်းထံ ရောက်ရှိလာခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၁၉ ပွဲ ပေးဂိုးမပေးရအောင် လက်စွမ်းပြသနိုင်ခဲ့ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အိုနာနာဟာ အေဂျတ်စ်အသင်းမှာ ကစားခဲ့ချိန်က ယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟတ် လက်အောက်မှာ ကစားခဲ့ရတာဖြစ်လို့ ဒတ်ချ်လူမျိုးနည်းပြဟာ ကင်မရွန်းဂိုးသမားဟောင်းရဲ့ အရည်အသွေးကို သိရှိနေတာပါ။

ယူနိုက်တက်အသင်းဟာ အိုနာနာကို ၄ နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး အမေရိကန်နိုင်ငံကို သွားရောက်မယ့်  အသင်း ရဲ့ ရာသီကြိုခရီးစဉ်ကို ခေါ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။

မန်ချက်စတာကလပ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ မေဆန်မောင့် တစ်ဦးထဲကိုသာ ခေါ်ယူထားတာဖြစ်ပြီး အိုနာနာရဲ့ အပြောင်းအရွှေ့ပြီးရင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါ တယ်။ 

Source: Goal