CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

ယူနိုက်တက်အသင်းဟာ ဂိုးသမား အိုနာနာကို ပေါင် ၄၇.၂ သန်းနဲ့ အင်တာမီလန် အသင်းကနေ အပြီးသတ် ခေါ်ယူပြီး ၅ နှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။

မန်ချက်စတာကလပ်ဟာ အသက် ၂၇ နှစ်အရွယ်ရှိ ကင်မရွန်း ဂိုးသမားအတွက် အင်တာမီလန် အသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၃.၈ သန်း ပေးချေရမှာဖြစ်ပြီး ကစားသမားရဲ့ စွမ်းဆောင်ရည်တွေအပေါ် မူတည်ကာ ပေါင် ၃.၄ သန်းထပ်ပြီး ပေးချေရမှာ ဖြစ်ပါတယ်။

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာကစားပြီး စာချုပ်ကုန်ဆုံးလို့ ထွက်ခွာသွားခဲ့တဲ့ ဂိုးသမား ဒီဂီယာရဲ့ နေရာမှာ နံပါတ်တစ် ဂိုးသမားအဖြစ် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

အိုနာနာက “ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ရတာက မယုံနိုင်လောက်စရာကောင်းတဲ့ ဂုဏ်ယူစရာပါပဲ။ ဒီလို အခိုက်အတန့်မျိုးကို ရောက်ဖို့အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရတာဖြစ်ပြီး လမ်းခရီးတစ်လျှောက် အတားအဆီး အများအပြားကို ကျော်ဖြတ်ခဲ့ရတာပါ။ ယူနိုက်တက်အသင်းမှာ မယုံနိုင်စရာ ဂိုးသမားတွေရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းတွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော်လည်း ကိုယ်ပိုင်အမွေအနှစ်ကို ဖန်တီးနိုင်ဖို့ အရာအားလုံးကို ပေးသွားမယ်”လို့ ပြောခဲ့ပါတယ်။

အိုနာနာဟာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ အေဂျတ်စ်အသင်းမှာ အတူလက်တွဲခဲ့ဖူးပြီး အမှတ်ပေးဖလား ၃ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာပါ။ 

အိုနာနာနဲ့ ယူနိုက်တက်တာ၀န်ရှိသူတွေကိုတွေ့ရစဉ်

ဒါပေမယ့် ကင်မရွန်းဂိုးသမားဟာ တားမြစ်ဆေး သုံးစွဲခဲ့တယ်ဆိုပြီး ၉ လကြာ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရပြီးနောက် ၂၀၂၂ ခုနှစ်မှာ အင်တာမီလန်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေး နိုင်ခဲ့ပါတယ်။

အိုနာနာက “အဲရစ်တန်ဟတ်နဲ့ ပြန်ပြီး အလုပ်လုပ်ခွင့်ရမယ့် အခွင့်အရေးအတွက် ကျနော်စိတ်လှုပ်ရှားမိပါတယ်။ သူဟာ ယူနိုက်တက်အသင်းကို ထိပ်တန်းအသင်းကြီး ပြန်ဖြစ်အောင် ပို့ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာကို ကျနော်သိပါတယ်။ အဲ့ဒါကြောင့် ဒီအောင်မြင်မှုမှာ အစိတ်အပိုင်းအဖြစ် ပါဝင်နိုင်ဖို့ ကျနော် မစောင့်ဆိုင်း နိုင်တော့ ဘူး”လို့ ပြောပါတယ်။

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ကျောနံပါတ် ၂၄ ဂျာစီ ဝတ်ဆင်သွားမှာဖြစ်ပြီး အသင်းသစ်နဲ့အတူ ရာသီကြို ခရီးစဉ်ကို ပူးပေါင်းဖို့အတွက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားပြီလည်း ဖြစ်ပါတယ်။

Source: BBC