CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅

ဂိုးသမား အိုနာနာဟာ ဝီဂန်အသင်းနဲ့ ကစားမယ့် FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားသွားမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေရှိခဲ့ပြီး အပြုသဘောဆောင်ပါတယ်။ အိုနာနာဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ ကျနော်မသိပေမယ့် ဝီဂန်အသင်းနဲ့ ကစားမယ့်ပွဲမှာ တော့ ကျနော်တို့နဲ့အတူ ရှိနေမှာပါ”လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ကင်မရွန်းအသင်းထံ ဂိုးသမား အိုနာနာကို နောက်ကျမှ စေလွှတ်ဖို့အတွက် ကင်မရွန်းဘောလုံးအဖွဲ့ချုပ်နဲ့ သဘောတူညီမှုရရှိထားတာပါ။ 

ကင်မရွန်းအသင်းဟာ ဇန်နဝါရီ ၁၅ ရက်မှာ အာဖရိကနိုင်ငံများဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဂီနီအသင်းနဲ့ စတင် ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အိုနာနာဟာ ဇန်နဝါရီ ၁၄ ရက်မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ စပါးအသင်းပွဲစဉ်အပြီးမှ နိုင်ငံအသင်းနဲ့ သွားရောက်ပူးပေါင်းမယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ 
ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်က အိုနာနာဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြောခဲ့တာ ပါ။ 

အဲရစ်တန်ဟတ်နဲ့ အိုနာနာကို တွေ့ရစဉ်

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ယှဉ်ပြိုင်မယ့် နိုင်ငံအသင်းတွေထံ ကစားသမားတွေကို ဇန်နဝါရီ ၁ ရက်နေ့ နောက်ဆုံးထား စေလွှတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်နဲ့ ကင်မရွန်းအသင်းတို့ဟာ ဆွေးနွေးမှုပြုလုပ်ပြီး နှစ်ဦးသဘောတူညီမှု ရယူခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ မတည်မငြိမ်ဖြစ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့ပြီး အဆင့် ၄ နေရာက အာဆင်နယ်အသင်းနဲ့ ၉ မှတ် ကွာဟသွားခဲ့တာပါ။ 

နည်းပြ အဲရစ်တန်ဟတ်ဟာ ယူနိုက်တက်အသင်း ရှယ်ယာရှင် ရက်ကလစ်ဖ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပြီးနောက် အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရယူပေးနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: CNA