CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

ပီအက်စ်ဂျီအသင်း အားပေးတဲ့ ပရိသတ်တွေက ထွက်ခွာဖို့ တောင်းဆိုနေပေမယ့် အသင်းမှာ ဆက်ရှိဖို့ မျှော်လင့်တယ်လို့ တိုက်စစ်မှူး နေမာက ပြောလိုက်ပါတယ်။

နေမာက “ဒီ ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ကစားနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်။ ပီအက်စ်ဂျီနဲ့ စာချုပ် ရှိနေပြီး ဘယ်သူမှလည်း ကျနော့်ကို ဘာမှမပြောသေးပါဘူး။ ပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာ ချစ်ခြင်း မေတ္တာတွေ အများကြီးမရှိရင်တောင် ကျနော်က အေးအေးဆေးဆေးပါပဲ။ ချစ်ခြင်းမေတ္တာတွေရှိရှိ၊ မရှိရှိ ကျနော် ဒီမှာရှိနေမှာပါ”လို့ CazeTV နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

၂၀၁၇ ခုနှစ်က ပေါင်သန်း ၁၉၀ နဲ့ ဘာစီလိုနာအသင်းကနေ ရောက်ရှိလာပြီး ဈေးအကြီးဆုံးကစားသမားအဖြစ် ရှိနေခဲ့တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလားရယူနိုင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေး ပါဘူး။ အဲဒါကြောင့် ပီအက်စ်ဂျီအသင်း အမာခံပရိသတ်တွေဟာ ပြီးခဲ့တဲ့ရာသီက နေမာရဲ့ အိမ်အပြင်ဘက်မှာ စုဝေးပြီး ကစားသမားကို အသင်းကနေ ထွက်ခွာဖို့ အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာ မကြာခဏကြုံတွေ့နေရပြီး မနှစ်က ရာသီ တုန်းကလည်း ဒဏ်ရာကြောင့် ရာသီအကုန်ထိ အနားယူခဲ့ရတာပါ။ နေမာဟာ လက်ရှိအချိန်မှာ ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် လေ့ကျင့်ရေးပြုလုပ်ဖို့ ပြန်လည်ရောက်ရှိလာခဲ့ကာ ကွင်းထဲကို အမြန်ဆုံးပြန်ဝင်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

နေမာက “နာကျင်ပြီး ခက်ခဲပေမယ့် အကောင်းဆုံးပြန်လာနိုင်ဖို့ ကြိုးစားနေပါတယ်။ အနိုင်ရယူတာက ရည်မှန်း ချက်တွေရဲ့ အစိတ်အပိုင်းဖြစ်ပေမယ့် ကောင်းမွန်စွာ ပြန်ကစားနိုင်ဖို့က ကျနော့်အတွက် ပထမဆုံး အရေးကြီးတဲ့ အရာပါ”လို့ ပြောခဲ့ပါတယ်။

နေမာနဲ့ ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ ခုနှစ်အထိ သက်တမ်းရှိနေတာဖြစ်ပြီး စာချုပ် ကုန်ဆုံးချိန်မှာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးဖို့အတွက် ရွေးချယ်ခွင့်ရှိတယ်လို့ သိရပါတယ်။

Source:DailyMail